မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လူနာတင်ယာဉ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၇ မေ 

 


မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ INNO Group မှ လူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၂၀၂)မိုင်ရှိ ရှေးဦးပြုစုခြင်းစခန်း၌ ကျင်းပသည်။

 


အခမ်းအနားတွင် INNO Group ဥက္ကဋ္ဌ မစ္စတာ ဆုန်ဆော့ချမ်းက လူနာတင်ယာဉ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်မြသူက အမှာစကား ပြောကြားရာတွင် အသင်းအနေဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးအစီအစဉ်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး အစီအစဉ်အဖြစ် အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်းကို ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းထားရှိပါကြောင်း၊ INNO Group၏ ယနေ့ လှူဒါန်းမှုသည် အသင်းက ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်ကို အောင်မြင်ရန် ကဏ္ဍတစ်ခုမှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်မြသူက INNO Group ဥက္ကဋ္ဌထံ  အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

 


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ဒေါက်တာဒေါ်မြသူနှင့် မစ္စတာ ဆုန်ဆော့ချမ်းတို့က လူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး အမွှေးနံ့သာများ ပက်ဖျန်းကြသည်။

 


မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းကို အသုံးပြုလျက်ရှိသည့် ပြည်သူများ ယာဉ်မတော်တဆမှုများနှင့် အရေးပေါ်ကျန်းမာရေး အခြေအနေများနှင့် ကြုံတွေ့ပါက ကူညီဆောင်ရွက်ပေးနိုင်ရန် (၁၁၅)မိုင် ရှေးဦးပြုစုခြင်းစခန်း၊ (၂၈၅)မိုင် ရှေးဦးပြုစုခြင်းစခန်းနှင့် (၂၀၂)မိုင် ရှေးဦးပြုစုခြင်းစခန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး မကြာမီကာလတွင် (၃၉)မိုင် ရှေးဦးပြုစုခြင်းစခန်းနှင့် (၃၂၆)မိုင် ရှေးဦးပြုစုခြင်းစခန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကာ အဆိုပါစခန်းများမှ မတော်တဆမှုဖြစ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူ (၁၅၀၁၉) ဦးအား ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 


သတင်း-မောင်မောင်မျိုး
ဓာတ်ပုံ- မြန်မာနိုင်ငံကြက်ခြေနီအသင်း