မြန်မာနိုင်ငံကိုယ်စားပြု ရန်ကုန်တက္ကသိုလ်အဖွဲ့မှ IMPLEMENTATION OF ECO-FRIENDLY HOTEL ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိ

နေပြည်တော် ၃၀  ဇူလိုင် 

 

ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် တီထွင်ဆန်းသစ်မှုနှင့်စီးပွားရေးစွန့်ဦး တီထွင်မှုဆိုင်ရာ လူငယ်လေ့ကျင့်ရေးစခန်းကို ဇူလိုင် ၁၈ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ ဖူဒါန်တက္ကသိုလ်နှင့် တရုတ်နိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး ကျွန်းဖြစ်သည့် ချုံမင်ကျွန်းတွင် ကျင်းပခဲ့ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ် သော တရုတ်နိုင်ငံမှ အသင်း(၂)သင်း၊ မြန်မာနိုင်ငံမှ အသင်း(၁)သင်း၊ လာအိုနိုင်ငံမှ အသင်း(၁)သင်း၊ ထိုင်းနိုင်ငံမှ အသင်း(၂) သင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ အသင်း(၂)သင်း နှင့် ဗီယမ်နမ်နိုင်ငံမှအသင်း(၂)သင်း စုစုပေါင်း အသင်း (၁၀)သင်းနှင့်  အသင်း(၁)သင်းလျှင် အဖွဲ့ဝင်(၃)ဦးစီးပါဝင်သော ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၀)ပါဝင်ခဲ့သည်။ 

 

 

 

အဆိုပါအသင်း(၁၀)သင်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီက လာအိုနိုင်ငံ Vientiane မြို့ရှိ လာအိုအစိုးရတက္ကသိုလ်တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် မဲခေါင်ဒေ သအစိုးရ၏ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်ဒေသလူငယ်များ၏ တီထွင် ဆန်းသစ်မှုဆိုင်ရာ ပရောဂျက်ပြိုင်ပွဲ (YICMG: Youth Innovation and Competition on Mekong Governance and  Development 2018)တွင် ခရီးသွားလုပ်ငန်းနှင့် အခြားပတ်ဝန်းကျင်ကို အန္တရာယ်မပြုသော စီးပွားရေးလုပ်ငန်းများ (Tourism and Other Green Industries) ခေါင်းစဉ်ဖြင့် ပရောဂျက်အသီးသီးကို တင်ပြခဲ့ရာ ဆုရရှိခဲ့ကြသောအဖွဲ့များဖြစ်သည်။

 

ထိုသို့ဆုရရှိခဲ့သော အသင်းများ၏ ပရောဂျက်များအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စွန့်ဦး တီထွင်မှုဆိုင်ရာ သင်တန်းများပို့ချပေးပြီး မိမိတို့၏ ပရောဂျက် အသီးသီးကို လေ့ကျင့်စခန်းကာလတွင်း ပြန်လည်ဆန်း သစ်တိုးတက်စေရန် ပြင်ဆင်စေကာ ပြိုင်ပွဲထပ်မံကျင်းပပြီး  ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

 

 

ဇန်နဝါရီလက ကျင်းပခဲ့သော YICMG 2018 တွင် The Most Valuable Issue Award ကို ရရှိခဲ့သည့် ရန်ကုန် တက္ကသိုလ် ဓာတုဗေဒဋ္ဌာနမှ မမေမြတ်နိုး၊ ရန်ကုန် တက္ကသိုလ် ရုက္ခဗေဒဋ္ဌာနမှ မမေသူစိုးနှင့် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဋ္ဌာနမှ မမေမြတ်နိုးတို့သည်  ရှန်ဟိုင်းမြို့၊ ဖူဒါန်တက္ကသိုလ်တွင်ကျင်းပသော လေ့ကျင့်ရေး စခန်းသို့ ထပ်မံတက်ရောက်ရန် ဖိတ်ခေါ်ခြင်းခံရပြီး ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ 

 

ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ရန်ကုန်တက္ကသိုလ်အဖွဲ့မှ Implementation of Eco-friendly Hotel ခေါင်းစဉ်ဖြင့် ဒုတိယဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်း ဖြစ်သည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် လူငယ်များ၏ စီးပွားရေးဆိုင်ရာစွန့်ဦး တီထွင်မှုကို များစွာထောက်ပံ့ပေးထားကြောင်း သိရှိရပြီး မဲခေါင်ဒေသတွင်းရှိ လူငယ်များ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားတက်သရော ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

YICMG ပရိုဂရမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်င်ငံ ဖူဒါန်တက္ကသိုလ်မှဦးစီး ပြုလုပ်ပီး ရန်ကုန်တက္ကသိုလ် နှင့်ချိတ်ဆက်ထားသော ပရိုဂရမ်တစ်ခုဖြစ်သည်။ တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပြုလုပ်ပြီး ဆုရရှိသည့် အသင်းများအား ထပ်မံလေ့ကျင့်သင်ကြားကာ ပြန်လည်ယှဉ်ပြိုင်ရသော အစီအစဉ်တစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် စတုတ္ထ အကြိမ်မြောက် ပြိုင်ပွဲအား ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

 

(သတင်းစဉ်)