မြန်မာနိုင်ငံဆေးသုတေသနကဏ္ဍ တိုးတက်မြှင့်တင်ရေး အစည်းအဝေးကျင်းပ 

ရန်ကုန်  ၁၇  ဇူလိုင် 


မြန်မာနိုင်ငံဆေးသုတေသနကဏ္ဍ တိုးတက်မြှင့်တင်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် ပြုလုပ်သည်။


အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက  ဆေးသုနေသနလုပ်ငန်းများသည် ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက်သာမက နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးကြီးပါကြောင်း၊ မိမိအနေဖြင့် ဆေးသုသနဦးစီးဌာနကို ထူးခြားစွာဘက်စုံတိုးတက်ပြောင်းလဲမှု ရရှိစေရေးအတွက် ပြုပြင်ဆောင်ရွက်သင့်သည်များကို အမြန်ဆုံးဆောင်ရွက်စေလိုပါကြောင်း၊ ဆေးသုတေသနဦးစီးဌာနသည် ဝန်ကြီးဌာန၏ အခြားဦးစီးဌာနများကဲ့သို့ ဝန်ဆောင်မှုပေးရသည့် ဌာနမဟုတ်ဘဲ အတတ်ပညာနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာဌာနဖြစ်သဖြင့် ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခုနှင့် ယင်းတက္ကသိုလ်များ၌ တက်ရောက်နေသော ဘွဲ့လွန်ကျောင်းသားများအားလုံးက သုတေသန ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၌ ယုံကြည်အားကိုးရသော ထိပ်တန်းအဆင့်ဌာနအဖြစ် အမြန်ဆုံး ဖြစ်လာရန် ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဆေးသုတေသနဦးစီးဌာနတည်ထောင်ခဲ့စဉ်မှ ယနေ့အထိ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အား အကျိုးပြု ခဲ့သည့် အတိုင်းအတာ၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီး၏ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းနည်းဗျူဟာများ ချမှတ်ရာတွင် သုတေသန တွေ့ရှိချက်များဖြင့် ပံ့ပိုးပါဝင် ခဲ့မှု အတိုင်းအတာ များကို ပြန်လည် ဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ရေးဆွဲခဲ့သည့် အမျိုးသားကျန်းမာရေး သုတေသနမူဝါဒ(၂၀၁၇) တွင်ပါဝင်သော အချက်များကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ ယခုအခြေအနေအရပ်ရပ်နှင့်ကိုက်ညီစေရေး ပြုပြင် သင့်သည်များပြုလုပ်စေလိုပါကြောင်း၊ မူဝါဒကို အခြေခံ၍ လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးသုတေသန ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးထားသော နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်း များနှင့် ကွန်ရက်သဖွယ်ချိတ်ဆက်  (networking) ကာ ပူးပေါင်းဆောင်ရွက်သည့် သုတေသန (joint collaboration research နှင့် multicentric research) များကို ယခုထက် ပိုမိုပြုလုပ်စေလို ပါကြောင်း၊ ဝန်ကြီးဌာနမှ ထူထောင်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry)၊ သုတေသန သတင်းအချက်အလက်စနစ် (research information system) နှင့် သုတေသနခေါင်းစဉ်ဘဏ်တိုက် (research title bank) တို့ကို ပိုမိုကောင်းမွန်ပြည့်စုံစေ ရေးနှင့် ခေတ်မီစေရေး အမြန်ဆုံးမွမ်းမံ ဆောင်ရွက်သွားစေလိုပါကြောင်း၊ သုတေသနခေါင်းစဉ် ဘဏ်တိုက်ကိုအမြဲမွမ်းမံကာ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်မန်နေဂျာ များထံ အခါအားလျှော်စွာ ပေးပို့စေလိုပါကြောင်း။


ဆေးသုတေသနဦးစီးဌာန၏ မူပိုင်အဖြစ် သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ လုပ်ငန်းလမ်းညွှန်၊ သုတေသနစီမံခန့်ခွဲမှု၊ သုတေသန နည်းပညာဆိုင်ရာ စာအုပ်စာတမ်းများကို ပြုစုထုတ်ဝေစေလိုပါကြောင်း၊ သုတေသန စွမ်းဆောင် ရည်မြှင့်တင်မှုလုပ်ငန်းများကို ယခုထက်ပိုမိုပြုလုပ်စေလိုပြီး ဝန်ကြီးဌာန၏ တက္ကသိုလ်များတွင် သုတေသနဆိုင်ရာအကြောင်းအရာများ ပိုမိုထည့်သွင်းသင်ကြားနိုင်မှသာလျှင် နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့် အလေ့ အကျင့်ကောင်းနှင့် သုတေသန ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရေးအတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေကျပ် သန်းပေါင်း (၆,၀၀၀) ခွင့်ပြုချထား ပေးခဲ့ပါကြောင်း၊ (၂၀၂၀-၂၁) ခု ဘဏ္ဍာနှစ်၌လည်း သုတေသန ရန်ပုံငွေ သန်း (၃,၀၀၀) လျာထားပါကြောင်း၊ သုတေသနအဆိုပြုလွှာများကို စိစစ်ရွေးချယ်ရာတွင် အဆိုပါသုတေသနသည်  မိမိတို့ဝန်ကြီးဌာန၊  နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိမှုအပေါ် အခြေခံစဉ်းစားကာ သုတေသန ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကျိုးကြောင်းခိုင်လုံမှု၊ ရရှိလာမည့်သုတေသနရလဒ်ကို လက်တွေ့ အသုံးချ ဆောင်ရွက်နိုင်မှု စသည့်အချက်များကို စိစစ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ သုတေသနရန်ပုံငွေများကို အသုံးပြုကာ ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမို တိုးတက်ကောင်းမွန်စေရေး အသုံးချ သုတေသနများကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ အနေဖြင့် ယခုထက်ပိုမိုဆောင်ရွက်ကြ စေလိုပါကြောင်း၊ အထူးသဖြင့် သမားရိုးကျမှ ဖောက်ထွက်သော ဆန်းသစ်သည့် အတွေးအမြင် များဖြင့် ဝန်ကြီးဌာန၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် သုတေသနအကြောင်းအရာ အသစ်များကို ပြုလုပ်စေလိုပါကြောင်း၊ သုတေသနတွေ့ရှိချက်များ အပေါ်အခြေခံ၍ စီမံချက်များ ရေးဆွဲခြင်း၊ ဘဏ္ဍာငွေနှင့် အရင်း အမြစ်များ ခွဲဝေချထားခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင် အောင်မြင်နိုင်ကာ ကျန်းမာရေး အရင်းအမြစ်များကို အလေအလွင့်နည်းပါးစွာဖြင့် ပိုမိုအကျိုးရှိထိရောက်မှုရှိစွာ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များအနေဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေး ဆိုင်ရာသုတေသနများပြုလုပ်ရာတွင် သုတေသနအဆိုပြုလွှာကို ဝန်ကြီးဌာနမှ သုတေသန ဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ တစ်ခုခုတွင် တင်ပြ ခွင့်ပြုချက်ရရှိပြီး ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင် စနစ်တွင် မှတ်ပုံတင်ပြီးမှသာ သုတေသနပြုလုပ်ခွင့်ပြုရမည်ဖြစ်ပါကြောင်း။


ဆေးသုတေသနဦးစီးဌာနတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဟောပြောမှု အစီအစဉ်ကို အပတ် စဉ်ပြုလုပ်စေလိုပါကြောင်း၊ ထိုသို့ဟောပြောမှုများတွင် ဆေးသုတေသနဦးစီးဌာနမှ ပညာရှင်များ သာမက ဝန်ကြီးဌာန၏ တက္ကသိုလ်များမှ ပညာရှင်များလည်း ဟောပြောမှုများ ပါဝင်ပြု လုပ်ရမည် ဖြစ်ပါကြောင်း၊ ဆေးသုတေသနဦးစီးဌာနတွင် သုတေသနနည်းစနစ်၊ သုတေသန အတွက် နမူနာ ကောက်ယူမည့်အရေအတွက်နှင့် နမူနာကောက်ယူမည့် နည်းလမ်းဆိုင်ရာ အထူး ကျွမ်းကျင်ပညာရှင် များရှိစေလိုပြီး သီးသန့် ဌာနခွဲများအဖြစ် ဖွဲ့စည်းဆောင်ရွက်စေလိုပါကြောင်း၊ ဆေးသုတေသန ဦးစီးဌာနတွင် ကျင့်ဝတ်ဂုဏ်သိက္ခာမြင့်မားခိုင်မာသော သုတေသနများ ဖြစ်စေ ရေး စောင့်ကြည့်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်းကာ သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ် မှု ဘုတ်အဖွဲ့များကို ကြီးကြပ်ဆောင်ရွက်စေလိုပါကြောင်း၊ ယခုနှစ်၊ ဇွန်လတွင်ပြုလုပ်ခဲ့သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့နှင့် ဆေးသုတေသန ဦးစီးဌာနအကြား အသုံးချ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေး ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားစေလိုပါကြောင်း၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာန၊ နိုင်ငံနှင့် ပြည်သူများ အတွက် ရေရှည်အကျိုးကို မျှော်ကိုးကာ တစ်ဦးနှင့် တစ်ဦး၊ ဌာနတစ်ခုနှင့် တစ်ခု ရိုင်းပင်းကူညီ ပံ့ပိုးမှုများဖြင့် မြန်မာနိုင်ငံဆေး သုတေသနကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေး ဆက်လက်ဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း က ဝန်ကြီးဌာန၏ သုတေသနရန်ပုံငွေများကို အသုံးချဆောင်ရွက်မှုအခြေအနေ၊ (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးသုတေသနညီလာခံအတွက် အကြောင်းအရာခေါင်းစဉ်၊ ဆေးသုတေသန ဦးစီးဌာန (ရန်ကုန်) ၏ molecular laboratory ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်၊ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြုလုပ်ထားရှိသော သုတေသနများနှင့် ဆက်လက် ပြုလုပ်မည့်သုတေသန များနှင့် အထွေထွေတင်ပြချက်များကို တင်ပြသည်။
ဆက်လက်၍ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးသုတေသန ကဏ္ဍပို မိုတိုးတက်မြင့်မားရေးအတွက် အထွေထွေဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်