မြန်မာနိုင်ငံဆောက်လုပ်ရေးပညာရှင်များလေ့လာရေးအဖွဲ့၏ ကိုးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်မှ အတွေ့အကြုံ များ

၈ ဇွန်

မြန်မာနိုင်ငံဆောက်လုပ်ရေး ပညာရှင်များအဖွဲ့သည် မေ ၂၆ ရက်မှ ဇွန် ၃ ရက်အထိ တရုတ်နိုင်ငံသို့ လမ်းတံတားများကို ၉ ရက်ကြာ သွားရောက်လေ့လာခဲ့ကြသည်။ ထိုသို့သွားရောက်လေ့လာရာတွင် China Railway Major Bridge Group Co.,Ltd(MBEC)နှင့် China Road and Bridge Corporation(CRBC)တို့မှ ဆောက်လုပ်ထားသည့် ကမ္ဘာ့အဆင့်မီနည်းပညာသုံး လမ်းတံတားများနှင့် ဆောက်လုပ်ဆဲ လမ်းတံတားလုပ်ငန်းခွင်များကို သွားရောက်လေ့လာခဲ့ကြသည်။

အဆိုပါ CRBC ကုမ္ပဏီမှာ မြန်မာနိုင်ငံရဲ့ လမ်းတံတားဆိုင်ရာလုပ်ငန်းတွေကို (၂၀)ကျော်လောက်ကတည်းက ပါဝင်ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ ယခုတွင်လည်း မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနှနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံမှ သက်တမ်းရင့်ကြိုးတံတားများ၏ကြံ့ခိုင်မှုအခြေအနေစစ်ဆေးခြင်းများကို ဆောင်ရွက်နေသည်။ ထို့အပြင် CRBC အနေဖြင့် One Belt One Road အတွက် မြန်မာနိုင်ငံ လမ်းတံတားစီမံကိန်းအတော်တော်များများတွင်လည်း ကန်ထရိုက်ရရှိထားကြောင်းသိရပြီး ယင်းသို့ မြန်မာနိုင်ငံ၏ လမ်းတံတားစီမံကိန်းများတွင် ပါဝင်ပတ်သက်နေသည့် CRBC ကုမ္ပဏီ၊ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အဦ  ဖွံ့ဖြိုးတိုးတက်မှုနှင့် လမ်းတံတားဆောက်လုပ်မှုဆိုင်ရာနည်းပညာဖွံ့ဖြိုးမှုစသည်များနှင့် ပတ်သက်ပြီး  မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြတ်ဦး၏ အမြင်များကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး>>> ဆရာတို့ရဲ့ တရုတ်ပြည်ခရီးစဉ်၊လေ့လာဖြစ်ခဲ့တဲ့ မြို့တွေနှင့်လမ်းတံတားအကြောင်းတွေကို ပြောပြ ပေးပါဦးခင်ဗျ။

ဦးအောင်မြတ်ဦး>>> တရုတ်နိုင်ငံကို လေ့လာရေးလာတဲ့ရည်ရွယ်ချက်ကတော့ ရန်ကုန်သံလျင်တံတားကြီး တည်ဆောက်စဉ်ကပါဝင်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတွေနှင့် ဝူဟန်းမှာတွေ့ဖို့ဖြစ်ပါတယ်။ အဲဒီတံတားကြီးမှာ ဆောင်ရွက်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတွေကလည်း မြန်မာနိုင်ငံက မဇ္ဇျိမမီဒီယာကနေတစ်ဆင့် တွေ့ချင်တယ်လို့ပြောလို့ပါတယ်။ ဒီအတွက်ကြောင့် သံလျင်တံတားကြီးကို ဆောင်ရွက်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတွေနှင့်ပူးပေါင်းဆောင်ရွက်ခဲ့တဲ ကျွန်တော်တို့ လေ့လာရေးအဖွဲ့မှာ မြန်မာအင်ဂျင်နီယာ (၇)ယောက်ပါပါတယ်။ အဲဒီ(၇) ယောက်ရယ်၊ နောက်ဆောက်လုပ်ရေးဝန်ကြီးဌာနကို အကြံပေးနေတဲ့ အကြံပေးအဖွဲ့တွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ဝန်ထမ်းအငြိမ်းစားကြီးတွေစုပေါင်းပြီးလာကြတာပါ။ တရုတ်နှင့် မြန်မာပူးပေါင်းပြီး တရုတ်နိုင်ငံက ချေးငွေနဲ့တည်ဆောက်ခဲ့တဲ့ ရန်ကုန်သံလျင်တံတားဟာ ၁၉၈၆ခုနှစ်မှာ ဆောက်ခဲ့ပြီးတော့ ၁၉၉၃ခုနှစ်မှာ ဒီတံတားကြီးကိုပြီးစီးခဲ့ပါတယ်။ တရုတ်နိုင်ငံကိုလာရတဲ့ နောက်ထပ်ရည်ရွယ် ချက်ကတော့တရုတ်နိုင်ငံရဲ့အခြေခံအဆောက်အဦ(Infrastructure)ဖွံ့ဖြိုးမှုတွေကိုလည်း လာရောက်လေ့လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲလိုအခြေခံအဆောက်အဦ (Infrastructure)တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို အဲလိုရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ရောက်ရှိလာတာဖြစ်ပါတယ်။

မေး>>> အခု ဆရာတို့ရဲ့ လေ့လာရေးခရီးစဉ်မှာ ဘယ်မြို့တွေက လမ်းတွေနှင့်တံတား တွေကို လေ့လာခဲ့ပြီးပြီလဲ။ ဒီလိုလေ့လာခဲ့ပြီးတဲ့ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့အမြင်သုံးသပ်ချက်ကို သိချင်ပါတယ်ခင်ဗျ။

ဦးအောင်မြတ်ဦး>>> ကျွန်တော်တို့ ရန်ကုန်ကထွက်လာတော့ ယူနန်ပြည်နယ်ရဲ့မြို့တော်ကူမင်းကိုရောက်တယ်။ ကူမင်းကနေတစ်ဆင့် အမြန်ရထားစီးပြီး ကွေ့ကျိုးပြည်နယ်ကိုရောက်သွားပါတယ်။ အဲဒီကွေ့ကျိုးပြည်နယ်ထဲမှာ ကျွန်တော်တို့ အဓိကလေ့လာရတာကတော့ အမြန်လမ်းမကြီးကိုလေ့လာရပါတယ်။ အမြန်လမ်းမကြီးဟာဘယ်လိုပုံစံမျိုးလဲဆိုတော့ ရိုးရိုးလမ်းတွေနှင့်မတူပါဘူး။ ဟိုင်းဝေးလမ်းမကြီးတွေဆိုတာကတော့ တောင်တက်တောင်ဆင်းတွေနဲ့သွားမယ်။ အဲလိုမျိုးသွားတဲ့လမ်းတွေ မဟုတ်ဘဲနဲ့ တောင်တက် တောင်ဆင်းလည်းမရှိတော့ဘူး။ သူကချိုင့်ဝှမ်းတွေရှိတယ်။ တောင်အောက်ဆင်းရမယ်ဆိုရင် မဆင်းတော့ဘဲ တံတားထိုးထားလိုက်တယ်။ နောက်တစ်ခု တောင်ကိုဖြတ်ရတော့မယ်ဆိုရင် တောင်ပေါ်မတက်တော့ဘဲ တောင်ကို လှိုဏ်ခေါင်းဖောက်ပြီးသွားတဲ့ဟာတွေကို ကျွန်တော်တို့အဓိကထားပြီး လေ့လာပါတယ်။ ကျွန်တော်တို့လေ့လာခဲ့တဲ့ တံတားတွေဟာဆိုရင် အမြင့်အားဖြင့် ပေ(၁၅၀ဝ) လောက်ထိ ရှိတဲ့တံတားတွေရှိပါတယ်။ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတံတားတွေလည်း ကျွန်တော်တို့လေ့လာခဲ့ပါတယ်။ လမ်းတွေဆိုရင်လည်း အမြန်လမ်းမကြီး တွေပေါ့လေ။ ဥမင်လှိုဏ်ခေါင်းတွေဖောက်ထားတဲ့လမ်းတွေကို လေ့လာခဲ့ရပါတယ်။

မေး>>> တရုတ်နိုင်ငံရဲ့ လမ်းတံတားတွေနှင့် လမ်းတံတားဆောက်လုပ်ရေးဆိုင်ရာ အသုံးပြုထားတဲ့ နည်းပညာ တွေအပေါ်မှာလည်း ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုသုံးသပ်ချင် ပါသလဲခင်ဗျ။

ဦးအောင်မြတ်ဦး>>> တရုတ်နိုင်ငံဟာ နည်းပညာအားဖြင့်ဆိုလို့ရှိရင် ကမ္ဘာ့အဆင့်မီနည်းပညာတွေရှိပြီး တံတားတွေဆောက်တဲ့အခါမှာလည်း ကမ္ဘာ့အဆင့်မီနည်းပညာတွေကို အသုံးပြုထားတာ တွေ့ရပါတယ်။ လမ်းတွေဖောက်တဲ့အခါမှာလည်း International Standardကို မီအောင် အားလုံးလုပ်နိုင်တယ်။ ဆောင်ရွက်နိုင်တယ်။ ဒါတွေအားလုံးကိုလည်း သေသေသပ်သပ် သန့်သန့်ရှင်းရှင်းနဲ့ လမ်းတွေရော တံတားတွေရော ဆောင်ရွက်ထားတာတွေ့ရပါတယ်။

မေး>>> ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ CRBCတို့ပူးပေါင်းပြီး မြန်မာနိုင်ငံက ကြိုးတံတားတွေနှင့်ပတ်သက်ပြီး ကြံ့ခိုင်မှု စစ်ဆေးနေတယ်လို့သိရပါတယ်ခင်ဗျ။ နောက်ပြီးCRBC ကလည်းမြန်မာနိုင်ငံ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀)ကျော်လောက်ကတည်းက လမ်းတံတားဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီCRBC ကုမ္ပဏီအပေါ် ဆရာတို့ ဘယ် လောက်အထိ ယုံကြည်စိတ်ချမှုရှိပါသလဲ။

ဦးအောင်မြတ်ဦး>>> ဟုတ်ကဲ့။ CRBCရုံးချုပ်ရောက်တဲ့အခါမှာ ကုမ္ပဏီရဲ့ဒုတိယအကြီးအကဲ Vice President နှင့် ကျွန်တော်တို့တွေ့ဆုံခဲ့ပါတယ်။ CRBCအနေနဲ့ ကြိုးတံတားတွေကို စစ်ဆေးတဲ့နေရာမှာ လက်ရှိကြိုး တံတား (၁၁)စင်း စစ်ဆေးပြီးသွားပါပြီ။ ဒီလိုစစ်ဆေးပြီးတဲ့အပြင် နောက်ထပ် (၁၉)စင်း ကျန်နေပါသေးတယ်။ စုစုပေါင်း ကြိုးတံတား အစင်း(၃၀)ရှိပါတယ်။ အခုဒီနေ့ညနေပိုင်းမှာ ကျိုးကျသွားတဲ့ ကြိုးတံတားကနေ ထုတ်ယူရရှိထားတဲ့ ပစ္စည်းတွေကို သူတို့အနေနဲ့ ဘယ်လိုစမ်းသပ်နေတယ်။ နောက်ပြီး ကြိုးတံတား (၁၁) စင်းစစ်ထားတဲ့ Resultတွေဟာ ဘယ်လိုအဖြေထွက်မလဲဆိုတာ သူတို့ရဲ့ Research Centreမှာ ပြသမယ်လို့ ပြောထားပါတယ်။ အဲတော့သူတို့ကနေပြီးတော့ သေချာစည်းစနစ်ကျကျလုပ်တဲ့အဖွဲ့အစည်း အရည်အသွေးမီအောင် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကလည်း ယုံယုံကြည်ကြည်နဲ့ သူတို့နဲ့လက်တွဲဆောင်ရွက်သွားဖို့ စိတ်အားထက်သန်ပါတယ်။

မေး>>> မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှပ်နှံဖို့အတွက် ဘယ်လိုဆောင်ရွက်ပေးထားမှုတွေရှိပါသလဲခင်ဗျ။ ရှေ့ဆက်ပြီးတော့လည်း ဘယ်လိုပူးပေါင်းဆောင်ရွက်သွား ဖို့ရှိပါသလဲ။

ဦးအောင်မြတ်ဦး>>> ကျွန်တော်တို့ လက်ရှိမှာပေါ့ဗျာ။ ADB တို့လို။ ADBဆိုတာက Asia Development Bankကနေ ချေးငွေနဲ့လုပ်တဲ့ Projectတစ်ခုမှာဆို CRBC ကုမ္ပဏီကနေ လမ်းပိုင်းကို ကန်ထရိုက်ရထား ပါတယ်။ ဒီလိုကန်ထရိုက်တာရထားတဲ့အတွက် လက်ရှိလည်း သူတို့ဆောင်ရွက်နေပါတယ်။ နောက်ထပ်လည်း One Belt One Road စီမံကိန်းဖြစ်တဲ့ ရွှေလီ-ကျောက်ဖြူ၊ ရွှေဘို- မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-မူဆယ် စတဲ့လမ်းပိုင်းတွေ လုပ်ဖို့အတွက်ကိုလည်း အစီအစဉ်ရှိပါတယ်။ ဒီတော့ ဒီOne Belt One Road မှာပဲ တရုတ်ကုမ္ပဏီတွေအနေနဲ့ ဝင်ရောက်ဆောင်ရွက်နိုင်သွားမှာဖြစ်ပါတယ်။

မေး>>> တရုတ်နိုင်ငံရဲ့ လမ်းတံတားဆောက်လုပ်ရေး ဆိုင်ရာ နည်းပညာကဏ္ဍကနေပြီး မြန်မာနိုင်ငံအတွက် ဘယ်လိုအချက်တွေကို နည်းယူလေ့လာသင့်သလဲ။ နောက်တစ်ခါ ဒီလေ့လာရေးခရီးစဉ်ကနေ ဘယ်လိုအကျိုး ကျေးဇူးရမယ်လို့ ဆရာ့အနေနဲ့ ထင်မြင်မိပါသလဲ။

ဦးအောင်မြတ်ဦး>>> ဟုတ်ကဲ့ ။ တရုတ်ပြည်ရဲ့ လက်ရှိဆောင်ရွက်နေတာတွေက အာရှအဆင့်မကဘူး။ ဥရောပတို့ အမေရိကတို့ အဲလိုအဆင့်မျိုးမီအောင် လုပ်နိုင်တဲ့အနေအထားမျိုးဖြစ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့လာရောက်လေ့လာတဲ့အခါမှာ နည်းပညာအသစ်တွေပေါ့လေ။ ဒီတော့လေ့လာရေးခရီးကနေ ဒီလိုအကျိုးကျေးဇူးတွေကို အများကြီးရပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေကနေ ဆက်နွယ်ပြီးတော့ ကျွန်တော်တို့ အင်ဂျင်နီယာဆိုတာလည်း လက်တွေ့အတွေ့အကြုံလိုသပဲ မျက်မြင်အတွေ့အကြုံတွေလည်း အများကြီးလိုပါတယ်။ ဒီလိုမျက်မြင်အတွေ့အကြုံတွေကနေ တဖြည်းဖြည်းကူးပြောင်းပြီး လက်တွေ့ အတွေ့အကြုံ ကိုပြောင်းပြီး ဆောင်ရွက်သွားရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုနည်းပညာအသစ်တွေနဲ့ ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမယ်။

မေး>>> ဟုတ်ကဲ့ပါ။ ဖြည့်စွက်ပြီး ပြောစရာရှိဦးမယ်ဆိုရင် ဖြည့်စွက်ပြောပြပေးပါခင်ဗျာ။

ဦးအောင်မြတ်ဦး>>> ကျွန်တော်ဖြည့်စွက်ပြီးပြောချင်တာက ဘာလဲဆိုတော့ လက်ရှိကျွန်တော်တို့နိုင်ငံမှာ ဆောင်ရွက်နေတဲ့ အစိုးရနှင့် ဆောက်လုပ်ရေးကုမ္ပဏီတွေဆောင်ရွက်တဲ့ အစီအစဉ်မှာ ပြင်ပကုမ္ပဏီတွေအနေနဲ့ အားအင်ချည့်နဲ့တဲ့ကုမ္ပဏီတွေဖြစ်နေပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံမှာ သူတို့နိုင်ငံကို ထူထောင်တဲ့ အချိန်မှာ ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတဲ့ နည်းပညာတွေ၊ ကူးပြောင်းတဲ့ကာလမှာ ဘယ်လိုကူးပြောင်းသွား တယ်ဆိုတာတွေကို ကြိုးစားပြီးလေ့လာနေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ကူးပြောင်းဖို့ အချိန်ရောက်နေပါတယ်။ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ဆောင်ရွက်ဖို့လိုနေတဲ့အချိန်မှာ တရုတ်ပြည်ရဲ့ပုဂ္ဂလိက ကဏ္ဍကို ဘယ်လိုပြောင်းသွားလဲဆိုတဲ့စနစ်ကို ကျွန် တော်တို့ အတုယူဖို့တော့ ကြိုးစားနေပါတယ်။ လေ့လာသုံးသပ်နေပါတယ်။ အတုယူလုပ်ဆောင်သွားဖို့ အခြေ အနေလည်း များပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။ အခုလိုကျွန်တော်တို့ မြန်မာ့အလင်းကမေးမြန်းသမျှကို ပြန်လည်ဖြေကြားပေးခဲ့တဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြတ်ဦးကို အထူးကျေးဇူး တင်ပါတယ်။

ဦးအောင်မြတ်ဦး>>> ဟုတ်ကဲ့။ ကျွန်တော်ကလည်း မြန်မာ့အလင်းကိုကျေးဇူးတင်ရှိပါတယ်။

တွေ့ဆုံမေးမြန်း.ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊

ဓာတ်ပုံ.ဇော်ဘီ