မြန်မာနိုင်ငံစာရင်းကောင်စီ၏ ASEAN CPA လက်မှတ်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ၂၁ စက်တင်ဘာ 


မြန်မာနိုင်ငံစာရင်းကောင်စီ၏ ASEAN Chartered Professional Accountants (ASEAN CPA) လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Western Park Restaurant ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အာဆီယံဝန်ဆောင်မှုကုန်သွယ်ရေး ပူးပေါင်းညှိနှိုင်းကော်မတီက ဆောင်ရွက်သည့် နိုင်ငံအလိုက် စာရင်းပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ်အရ မြန်မာနိုင်ငံမှ စာရင်းပညာရှင်များဖြစ်သည့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ အသင်းသားများကို သတ်မှတ်ချက်များနှင့်အညီ ASEAN CPA များအဖြစ် အသိအမှတ်ပြုခဲ့ပါကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်းဖြင့် မြန်မာနိုင်ငံမှ စာရင်းပညာရှင်များသည် အာဆီယံနိုင်ငံများတွင် စာရင်းပညာရှင်အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများ ရရှိလာမည်ဖြစ်ကြောင်း၊ ASEAN CPA လက်မှတ်ရရှိသူများအနေဖြင့် စာရင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရင်းပညာရပ်ဆိုင်ရာ ကျင့်ဝတ်၊ သိက္ခာ၊ စည်းကမ်းများကို တိကျစွာလိုက်နာ၍ စာရင်းပညာရှင်၏ ဂုဏ်သိက္ခာ၊ ရိုးသားဖြောင့်မတ် တည်ကြည်စွာဖြင့် ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ အားထားရသော စာရင်းပညာရှင်များဖြစ်အောင် ကျင့်ကြံနေထိုင်လုပ်ကိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းသား ၁၁၃ ဦးကို ASEAN CPA လက်မှတ်များပေးအပ်သည်။ 


သတင်းစဉ်