မြန်မာနိုင်ငံစာရေးဆရာအသင်း၏ (၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ

မောင်ငြိမ်းသူ(ကြို့ပင်ကောက်)

မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သော သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမအပတ်တွင် ကျင်းပရန် စီစဉ်နေကြလေပြီ။

နှစ်စဉ်ကျရောက်လေ့ရှိသော နတ်တော်လဆန်း ၁ ရက်နေ့ကို “စာဆိုတော်နေ့” အဖြစ် ၁၃၀၆ ခုနှစ်မှ စတင်သတ်မှတ်၍ စာပွဲသဘင်များ ဆင်ယင်ကျင်းပလာခဲ့ရာ ယခု ၁၃၈၄ ခုနှစ်တွင် (၇၈)ကြိမ်မြောက် ခရီးသို့ရောက်ခဲ့လေပြီ။ 

ရှေးမြန်မာမင်းများလက်ထက်ကပင် နတ်တော်လရောက်တိုင်း ထူးချွန်ထက်မြက်ကြသော စာဆိုတော်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဂုဏ်ပြုအမွှမ်းတင်ခဲ့ကြသည်။ တစ်ခဲနက် နှစ်သက်အားပေးမြှောက်စားခဲ့ကြသည်။

စာပေလောကသားအားလုံးအတွက် မင်္ဂလာအခါတော်နေ့

ယနေ့ခေတ်ကာလ ပစ္စက္ခအခါသမယမှာလည်း နှစ်စဉ်နတ်တော် လဆန်း ၁ ရက်နေ့ရောက်တိုင်း စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏ အမြင့်ဆုံးစာပေဆုဖြစ်သော “တစ်သက်တာစာပေဆု” ပေးအပ်ချီးမြှင့်ပွဲအပြင် “အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု” ကိုပါ ပေးအပ်ချီးမြှင့်နေခဲ့ရာ စာပေလောကသား အားလုံးအတွက် မင်္ဂလာအခါတော်နေ့ထူးနေ့မြတ် ဖြစ်နေပါသည်။ 

စာဆိုတော်နေ့ဝန်းကျင်တွင် ပခုက္ကူဦးအုံးဖေစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ဆရာဝန်တင်ရွှေစာပေဆု၊ သုတစွယ်စုံ စာပေဆု၊ ရွှေအမြုတေစာပေဆုများအပြင် ဓမ္မစာပေဆုများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၏ အထိမ်းအမှတ်စာပေဆုများ၊ ဂျပန်ရှန်တီကလေးစာပေဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

မြန်မာစာပေလောကသားတို့၏ “စာဆိုတော်နေ့” သည် သုတရသစာပေရေးရာ အဖြာဖြာရေးသားခဲ့ကြသည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ သမ္မတကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ သိပ္ပံ၊ ဝိဇ္ဇာပညာရှင်ကြီးများ၊ စွန့်ဦးတီထွင်စွမ်းအားရှင်ကြီးများဖြစ် နိုင်ကြသော်လည်း စာရေးဆရာစစ်စစ်၊ သတင်းစာဆရာစစ်စစ်၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာစစ်စစ်ဖြစ်နိုင်ခြေကား အလွန်ပင်ရှားပါး ခက်ခဲလှပေရာ စာရေးဆရာကြီးငယ်အပါအဝင် စာပေလောကသား အားလုံးကို အလေးအမြတ် အသိအမှတ်ထား ဂုဏ်ပြုအမွှမ်းတင်ရာ မော်ကွန်းတင်ရာ “စာဆိုတော်နေ့” ကိုကား စာပေပညာရှင်စစ်စစ် စာပေလောကသားတိုင်းက ချစ်ခင်နှစ်သက်၊ စွဲမက်အားထား လေးစားဂုဏ်ပြုနေကြပါသည်။

ဤသည်ကို မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက မမေ့မလျော့ သောအသိ၊ သတိဖြင့် စာပေတာဝန်များကို ကျေပွန်စွာ ထမ်းရွက်ခဲ့ကြသော “နှလုံးရည်တပ်သားသူရဲကောင်း သက်ကြီးစာပေပညာရှင်ကြီးများ”ကို နှစ်စဉ်ပူဇော်ကန်တော့နေခဲ့ရာ ယခုနှစ်သည် (၃၅)ကြိမ် မြောက် ပူဇော်ကန်တော့ပွဲ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် (၃၄)ကြိမ် မြောက် ပူဇော်ကန်တော့ပွဲကျင်းပခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် မလွှဲရှောင်သာဘဲ နှစ်နှစ်ရပ်နားနေခဲ့ရပါသည်။

ပထမအကြိမ် စတင်ပူဇော်ကန်တော့ခဲ့သည့် အဖွဲ့က “မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး” ဖြစ်ပါသည်။ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီး၏ ဦးဆောင်သူ၊ ရှေးဦးပြုစုပျိုးထောင်သူမှာ “ဆရာကြီး မင်းသုဝဏ်” ဖြစ်ပါသည်။ ဆရာကြီးဦးဝန် (မင်းသုဝဏ်) ဥက္ကဋ္ဌ၊ ဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး) အတွင်းရေးမှူးအဖြစ်ပါဝင်သော “စာပေလုပ်သားအဖွဲ့ဖြစ်မြောက်ရေးကော်မတီ” သည် ၁-၁၂-၁၉၆၆ ရက်နေ့မှ ၃၁-၅-၁၉၇၆ ရက်နေ့အထိ ၁၀ နှစ်ကျော် လှုပ်ရှားကြိုးစားခဲ့ကြပါသည်။ ထို့နောက် “စာပေလုပ်သားအဖွဲ့စည်းရုံးရေးကော်မတီ”ကို ၁-၆-၁၉၇၆ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် “မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့” ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်းတွင် “စာပေလုပ်သား အဖွဲ့” အစား “စာပေနှင့် စာနယ်ဇင်းအဖွဲ့” ဟူ၍  ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ခေတ်စနစ်နှင့်အညီ ၂ဝ၁၂ ခုနှစ်တွင် “မြန်မာနိုင်ငံစာရေးဆရာ အသင်း” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
ပြောင်းလဲဖွဲ့စည်းခဲ့ကြရာတွင် စာပေလုပ်သားအဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို အခြေခံကာ ခေတ်စနစ်နှင့်အညီ ပြင်ဆင်ဖြည့်ဆည်းခဲ့ကြပြီးမှ အမည် နာမပြောင်းလဲသတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အစမြစ်ဖျားခံရာသည် “မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး” ဖြစ်ပါသည်။ တစ်နည်းအားဖြင့် “ဆရာကြီး မင်းသုဝဏ်ပျိုးထောင်ပေးခဲ့သော စာပေလုပ်သားအဖွဲ့ကြီး၏ မျိုးဆက်သစ် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး”၏ သက်တမ်းမှာ (၅၆)နှစ် ခန့် သက်တမ်းရှည်ကြာခဲ့လေပြီ။

ဤနေရာတွင် “မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သက်တမ်း” ကိုခွဲခြမ်းစိတ်ဖြာဆန်းစစ်ကြည့်ပါက လွတ်လပ်ရေးမရသေးမီ နယ်ချဲ့လက်အောက် ၁၉၄ဝ ပြည့်နှစ်ကတည်းက ဒီးဒုတ်ဦးဘချိုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော “မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး” (ပထမပိုင်း) ၁၉၄၀ မှ ၁၉၆၂ ခုနှစ်အထိ ၂၂ နှစ်၊ (ဒုတိယပိုင်း) ၁၉၆၆ မှ ၂၀၂၂ ခုနှစ်အထိ ၅၆ နှစ် စုစုပေါင်း ၇၈ နှစ် သက်တမ်း၊ စိန်ရတု ခရီးကို ကျော်လွန်လာခဲ့သည်အထိ ရှင်သန်ရပ်တည်ရှည်ကြာလာခဲ့လေပြီ။ သမိုင်းအစဉ်အလာသည်လည်း ကောင်းသည်ထက် ကောင်းမွန်လာခဲ့လေပြီ။
အစဉ်အလာကောင်းများ ဆက်လက်ထိန်းကျောင်း

မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး၏ အစဉ်အလာကောင်းများကို မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက ဆက်လက်ထိန်းကျောင်းသည့်အနေဖြင့် “အသက် ၈ဝ နှင့် ၈၀ နှစ်အထက် သက်ကြီးစာပေ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲ” ကို နှစ်စဉ်မပျက် ဆက်လက် ကျင်းပနေခဲ့ပါသည်။ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီးက ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးစာပေ ပညာရှင်ကြီးများကိုသာ တနိုင်တမပူဇော်ကန်တော့ခဲ့ရာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

ထိုသို့ပူဇော်ကန်တော့နေခဲ့ရာမှ ၁၉၈၈ ခုနှစ် အရေးအခင်းကြောင့် ရပ်တန့်သွားခဲ့ရပါသည်။ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီးကိုလည်း ခေတ်စနစ်နှင့်လျော်ညီစွာ “မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး” အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ရပါသည်။ ထို့ကြောင့် သက်ကြီးစာပေ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ခြောက်နှစ်တိတိ မကျင်းပနိုင်ခဲ့တော့ဘဲ စာပေလုပ်သားများကို စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်များအဖြစ်သို့ ပြန်လည်စုစည်းရေးကိုသာ အလေးထားဆောင်ရွက်ခဲ့ကြရပါသည်။

စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခါစ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သက်ကြီးစာပေပညာရှင်ကြီးများကိုသာ ပူဇော်ကန်တော့နိုင်ခဲ့ပါသည်။

၁၉၉၆ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးရှိ အဖွဲ့ဝင် သက်ကြီးစာပေပညာ ရှင်ကြီးများနှင့် ထင်ရှားကျော်ကြားသော သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့ခဲ့ရာ ယနေ့အထိ နှစ်စဉ်မပျက် ဆက်တိုက် ဦးခိုက်လျက်ပင်ရှိပါသည်။

ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ

သက်ကြီးပူဇော်ပွဲစတင်ခါစက ၁၀ ဦးသာ ရှိခဲ့သော်လည်း တစ်နှစ် ထက်တစ်နှစ် တိုးပွားများပြားလာခဲ့ရာ ၁၉၉၉ ခုနှစ်တွင် ၁၀၈ ဦးအထိ ရှိလာခဲ့ပါသည်။ နှစ်စဉ် ၂၀ ကျော် တိုးပွားလာခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၃၀ ကျော်အထိ တိုးပွားလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ ၂၀၀ အထိ ရှိလာပါသည်။ ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများထဲမှ နှစ်စဉ် ၂၀ ခန့် ကွယ်လွန်သွားကြသော်လည်း အသက် ၈၀ ထဲ ဝင်ရောက်လာကြသူများက ၂၀ ကျော်ရှိနေခဲ့ရာ တစ်နှစ်ထက်တစ်နှစ် အရေအတွက်များလာမှာ သေချာနေပါသည်။ ၂၀၁၆ ခုနှစ်က ၁၈ ဦး ကွယ်လွန်သွားခဲ့ကြပြီး ၃၄ ဦး တိုးလာခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ၁၃ ဦး ကွယ်လွန်သွားခဲ့ပြီး ၂၇ ဦး တိုးလာခဲ့ပါသည်။ ၂၀၁၈ခုနှစ်တွင် ၂၄ ဦး ကွယ်လွန်ခဲ့ကြပြီး ၅၃ ဦး တိုးလာခဲ့ရာ သက်ကြီးကန်တော့ခံ ၂၄၅ ဦးအထိ ရှိလာခဲ့ပါသည်။

၂၀၁၉ ခုနှစ်တွင် ၁၃ ဦးကွယ်လွန်သွားခဲ့ကြပြီး ၄၆ ဦး တိုးလာခဲ့ရာ ကန်တော့ခံစာပေပညာရှင်ကြီး ၂၇၆ ဦးအထိ ရှိလာခဲ့ပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် နှစ်နှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်းတွင် ကန်တော့ခံစာပေပညာရှင်ကြီး ၉၄ ဦး ကွယ်လွန်သွားခဲ့ကြပါသည်။ ယခု၂၀၂၂ ခုနှစ်တွင် ကန်တော့ခံသက်ကြီးစာပေပညာရှင် ၂၅၀ ခန့် ရှိနေပါသည်။

စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ နှစ်စဉ်မပျက်၊ သက်ကြီးပူဇော်ပွဲကျင်းပခဲ့ကြသည်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-

အဖွဲ့အစည်းအမည်များကို ခေတ်စနစ်အခြေအနေအရပြောင်းလဲ

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ပူဇော်ကန်တော့ခဲ့ပြီး ၁၃၇၄ ခုနှစ် ၂၀၁၂ ခုနှစ်မှစတင်၍ ယခုနှစ်အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းက စဉ်ဆက်မပြတ် ဆက်လက်၍ ပူဇော်ကန်တော့ခဲ့ပါသည်။ စာပေလုပ်သားအဖွဲ့ကြီးက (၈)ကြိမ်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးက (၁၈)ကြိမ်၊ စာရေးဆရာအသင်းကြီးက ယခုနှစ်အပါအဝင် (၉)ကြိမ် စုစုပေါင်း (၃၅)ကြိမ်ရှိပေတော့မည်။ စာပေလုပ်သားအဖွဲ့၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာရေးဆရာအသင်းဟူ၍ အဖွဲ့အစည်းအမည်များ ကို ခေတ်စနစ်အခြေအနေအရ ပြောင်းလဲလာခဲ့ရသော်လည်း အသွင် သဏ္ဌာန်နှင့် အနှစ်သာရရော ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များပါ အတူတူပင်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းကအစ စာပေလုပ်သားအဖွဲ့၏  အမွေကို လက်ဆင့်ကမ်းသယ်ယူလာခဲ့ခြင်းဖြစ်သည်။ ဆိုလိုတာက စာပေလုပ်သားအဖွဲ့၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့၊ စာရေးဆရာအသင်းသည် တစ်ဖွဲ့တစ်သင်းတည်းဖြစ်ကြောင်းပင်တည်း။

ယခုနှစ်ကန်တော့ခံကြမည့် သက်ကြီးစာပေပညာရှင်ကြီးများထဲတွင်  အသက်အကြီးဆုံးကန်တော့ခံ  စာပေပညာရှင်ကြီးမှာ တစ်သက်တာစာပေဆုရ စည်သူဦးလေးမြိုင် (လေးမြိုင်) (၉၈) နှစ် ဖြစ်ပါသည်။ ကန်တော့ခံများထဲမှ အသက်အကြီးဆုံးကန်တော့ခံစာပေ ပညာရှင်ကြီး ဦးအောင်သူ (သံမဏိမောင်မောင်) (၁၀၃)နှစ်နှင့် စည်သူ ဗိုလ်ကလေးတင့်အောင် (၁၀၁) နှစ်တို့ ကွယ်လွန်သွားခဲ့ကြပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်းအနေဖြင့်  သက်ကြီးစာပေ ပညာရှင်ကြီးများကို အစဉ်အလာမပျက် နှစ်စဉ်ဆက်လက် ပူဇော်ကန်တော့နေရာ၌ အသင်းကြီးမှာ ရန်ပုံငွေ(တစ်နည်းအားဖြင့်)ဘဏ္ဍာ ငွေတောင့်တင်းနေသောကြောင့်မဟုတ်ပါ။ သက်ကြီးစာပေပညာရှင်ကြီးများသည် နိုင်ငံနှင့် လူမျိုးအကျိုးကို တတ်ကျွမ်းသည့်စာပေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော နှလုံးရည်တပ်သားကောင်း များဖြစ်ခဲ့ကြသည့်အပြင်၊ ဂုဏ်နှင့်အသက်အရွယ်အားဖြင့် ကြီးမြတ်သူများအဖြစ် ရည်မျှော်ကော်ရော်ကာ ပူဇော်ကန်တော့နေကြခြင်း ဖြစ်သည်။

စီးပွားရေးအသင်းအဖွဲ့မဟုတ်သောကြောင့် ဘဏ္ဍာငွေအင်အား နည်းနေသည်ဖြစ်ရာ ပူဇော်ကန်တော့ရန်အတွက် ငွေသားအလှူရှင်များနှင့် ပစ္စည်းအလှူရှင်များထံမှ နှစ်စဉ်မေတ္တာရပ်ခံပြီး ဖြည့်ဆည်း ကန်တော့နေကြရပါသည်။ နိုင်ငံတော်သမ္မတရုံးအဆင့်မှသည်... ဝန်ကြီးဌာနများ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိကစာပေဆုချီးမြှင့်ရေးကော်မတီများ၊ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်း၊ သတင်းမီဒီယာကောင်စီ၊ ညီနောင်အသင်းအဖွဲ့များ၊ မြို့နယ် စာရေးဆရာအသင်းများ၊ ကုမ္ပဏီများ၊ စာပေတိုက်များ၊ တစ်ဦးချင်း စေတနာရှင်များ၏ လှူဒါန်းငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့နေခဲ့ရာတွင် စာရေးဆရာအသင်းက လိုအပ်ငွေ လေးပုံ တစ်ပုံခန့်ကို နှစ်စဉ်စိုက်ထုတ်သုံးစွဲကုန်ကျနေခဲ့ပါသည်။

စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေကိုအခြေခံပြီး စာရေးဆရာအသင်းက ဖြည့်ဆည်းနိုင်သည့်ငွေပမာဏကို တွက်ဆကာ ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများကို ထိုက်သင့်အားလျော်စွာ ကန်တော့နိုင်ရန် စီမံခန့်ခွဲကြရပါသည်။ ထို့ကြောင့် အသက် ၈၀ အထက် အသင်းဝင်တိုင်းကို စေတနာထားကာ ပူဇော်ကန်တော့ချင်ပါသော်လည်း ဝန်နှင့်အားကမမျှသောကြောင့် အားမသန်၍ မာန်လျှော့နေခဲ့ ကြရပါသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်းက သက်ကြီးစာပေပညာရှင်ကြီးများကို နှစ်စဉ်ပူဇော်ကန်တော့နေခဲ့ရာတွင် “သက်ကြီးစာပေပညာရှင် ဟူသောစာပေစံ အခြေခံမူများ” ကို သတ်မှတ်ကာ စာပေအစဉ်အလာ၊ စာပေဝါ၊ သမ္ဘာ၊ စာပေဂုဏ်သိက္ခာရှိကြသူများကို မူဘောင်နှင့်အညီ စိစစ်ရွေးချယ် ပူဇော်ကန်တော့နေခြင်းဖြစ်ပါသည်။

ထိုသို့ စိစစ်ရွေးချယ် ပူဇော်ကန်တော့ခဲ့ရာတွင် ပါတီစွဲ၊ ဂိုဏ်းစွဲ၊ အဖွဲ့စွဲများနှင့် နိုင်ငံရေးအယူအဆအမျိုးမျိုးကို ဥပေက္ခာပြု လျစ်လျူရှုကာ စာပေလောကသားအားလုံး၏ အကျိုးအတွက် စွမ်းဆောင် နိုင်သမျှအကျိုးပြု ပူဇော်ကန်တော့နေခြင်းဖြစ်ပါသည်။ ဤသည်ကို နှစ်စဉ်ကန်တော့ခံခဲ့ကြရသည့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိ စာအုပ်များက ခိုင်မာစွာသက်သေခံနေကြပါသည်။ မြန်မာနိုင်ငံစာရေး ဆရာအသင်းက မူဘောင်များနှင့်ညီသူများကို မျက်နှာကြီးငယ်မရွေး အသင်းဝင်၊ မဝင် မခွဲခြားဘဲ တစ်ပြေးညီ ပူဇော်ကန်တော့နေခဲ့သော်လည်း အချို့က ထင်မြင်ယူဆချက်လွဲချော်ကြကာ ကန်တော့ခံလိုခြင်း မရှိကြောင်း သိရသောအခါ စေတနာ-ဝေဒနာဖြစ်ကြရပါသည်။ မြန်မာ နိုင်ငံစာရေးဆရာအသင်းအနေဖြင့် ကန်တော့ခံစာပေပညာရှင်ကြီးများစာရင်းကို မြို့နယ်အသင်းများသို့ နှစ်စဉ်တောင်းခံပြုစုခဲ့ရာတွင် “သက်ကြီးစာပေပညာရှင်ဟူသော စာပေစံအခြေခံမူများ” နှင့် ကိုက်ညီသူများကိုသာ ပေးပို့ကြရန်နှင့် “အသင်းဝင်သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့နေခြင်းမဟုတ်ကြောင်း” အမြဲတမ်းကြိုတင် ရှင်းလင်းနေခဲ့ပါသည်။ သို့သော် သတ်မှတ်စာပေစံအခြေခံမူများနှင့် မကိုက်ညီသဖြင့် ရွေးချယ်ခြင်းမခံရသူအချို့က တစ်ဖက်သတ် အဆိုးမြင်ပြီး ငြိုငြင်ပြစ်တင်ကြလေ့ရှိပါသည်။ အချို့ကလည်း ကန်တော့ခံ အသစ်များကို စိစစ်ရွေးချယ်ပြီးမှ ဆက်သွယ်လာခဲ့ရာ မလွှဲမရှောင်သာဘဲချန်လှပ်ထားခဲ့ရသည်များလည်း ရှိခဲ့ပါသည်။ “အများအကြိုက်၊ ဆယ်ခါလိုက်လည်း၊ မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ၊ စွဲမှတ် ယူ၏”ဟူသော လင်္ကာကဲ့သို့ပင် ကိုယ့်လိုဘမပြည့်ရသူများ၏ အမုန်းဒဏ်ကို နှစ်စဉ်ခံနေခဲ့ကြရပါသည်။

“အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့” ဟူသော “စစ်ကိုင်းရွှေဟင်္သာ ဆရာတော်ဘုရားကြီး”  ၏ ဩဝါဒကို ဦးထိပ်ပန်ဆင်ကာ နှစ်စဉ်မပျက် ဆက်လက်ပူဇော် ကန်တော့ခဲ့ရာ အောင်မြင်တိုးတက်မှုရှိခဲ့ပြီး (၃၅)ကြိမ်မြောက်ခရီးသို့ ရောက်ခဲ့လေပြီ။

ယခု(၃၅)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာလ ပထမပတ်ထဲတွင် ရန်ကုန်မြို့တော်ခန်းမ၌ ယခင်နှစ်များသကဲ့သို့ စာပေလောကသားများစုံညီစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကန်တော့ခံသက်ကြီးစာပေ ပညာရှင် ၂၅၀ ခန့်အတွက် ထက်သန်သော စေတနာမွန်ဖြင့် အလှူငွေများနှင့် ကန်တော့ဖွယ်ရာပစ္စည်းများကို မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးသို့ ဆက်သွယ်လှူဒါန်းကြပါရန်နှင့် ကန်တော့ပွဲအခမ်းအနားသို့ ဝမ်းပန်းတသာ သဒ္ဓါကြည်ညိုစွာဖြင့် တက်ရောက်ကုသိုလ် ယူကြပါရန် ဆန္ဒမွန်ပြုလိုက်ရပါသည်။   ။