မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပ

၂၈ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့မွန်းလွဲပိုင်းက နိုဗိုတယ်ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအကြံပေး ဦးသန်းဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် အလုပ်အမူဆောင်သစ်များ၊ အတွေ့အကြုံရှိပြီးသူများအနေဖြင့် မြန်မာ့ဘောလုံးလောက တိုးတက်မြင့်မားရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ပြီး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ယူထားသည့် နေရာအသီးသီးကို အားစိုက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ရာ မိမိတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ယင်းနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ဦးစီးဆောင်ရွက်ကြမည့် ကော်မတီများကို တင်ပြခဲ့ပြီး အတည်ပြုချက်ရယူ ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ရရှိထားသည့် Football For Schools Program ကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်ထည်ဖော် ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် လူငယ်ပြိုင်ပွဲများနှင့် နွေရာသီ အခြေခံဘောလုံးသင်တန်းများကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်၍ ဒေသအလိုက် ဖွင့်လှစ်ဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာသည့် အလုပ်အမူဆောင်များက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌဦးဇော်ဇော်က နိဂုံးချုပ် စကားပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကော်မတီ ၁၂ ခုဖွဲ့စည်းခဲ့ပြီး မြန်မာ့ဘောလုံးတိုးတက်ရေးအပါအဝင် အခြားလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-MFF