မြန်မာနိုင်ငံအတွင်းရှိ မြို့ပြနှင့်ဝေးကွာပြီး အချက်အချာကျသည့် ကျေးရွာများတွင် နယ်မြေမီးသတ်စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းပြီး မေးမြန်း

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂.၈.၂၀၁၉)တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် မေးမြန်းသည့် “မြန်မာနိုင်ငံအတွင်းရှိ မြို့ပြနှင့်ဝေးကွာပြီး အချက်အချာကျသည့် ကျေးရွာများတွင် နယ်မြေမီးသတ်စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နိုင်ငံတော်နှင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များနှင့် ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရန်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ကျရောက်တဲ့အခါမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်တို့အတွက် ဖွဲ့စည်းထားရှိပါကြောင်း၊ ရည်ရွယ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များနှင့်အညီ မီးသတ်ဦးစီးဌာန၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

မီးသတ်ဦးစီးဌာန ရည်မှန်းချက်တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မီးသတ်စခန်းများအား ယခင် မီးငြိမ်းသတ်ရေးတစ်ခုကိုသာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားရှိခဲ့ရာမှ နိုင်ငံတကာမီးသတ်တပ်ဖွဲ့ဝင်များနည်းတူ မြို့ရွာများ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန်လည်းကောင်း၊ တိုးတက် ပြောင်းလဲလာသည့် ခေတ်၊ စနစ်များနှင့်အညီ လျော်ညီမှုရှိစေရန် မီးသတ်စခန်း တစ်ခုတည်းမှ မီးငြိမ်းသတ်ရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ တိုင်းဒေသကြီး၊ ပြည်နယ် မီးသတ်ဦးစီးမှူးရုံး (၁၅)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး (၇၄)ရုံး၊ ခရိုင်မီးသတ်စခန်း (၇၄)ခု၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး (၃၃၀)ရုံး၊ မြို့နယ်မီးသတ်စခန်း (၃၃၀)ခု၊ နယ်မြေမီးသတ်စခန်း (၇၀၃)စခန်း စုစုပေါင်း မီးသတ်စခန်း (၁၁၀၇)ခုတို့ကို ဖွဲ့စည်း၍ ရရှိပြီးဖြစ်ပါကြောင်း။

မီးသတ်ဦးစီးဌာနမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဗဟိုမီးသတ် သင်တန်းကျောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရန်ကုန်တို့အတွက် ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှာရှိတဲ့ အဖွဲ့အစည်းဝင်တွေ သိထားတဲ့ မီးသတ်စခန်းများ ဆောက်လုပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ မီးသတ်ယာဉ်များဖြည့်သွင်းခြင်းများကို တိုင်းဒေသကြီး၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် လည်းကောင်း၊ အသီးသီးဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှာ တိုင်းဒေသကြီးပြည်နယ် မီးသတ်ဦးစီးမှူးရုံး(၁၅)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး (၆၄)ရုံး၊ ခရိုင်မီးသတ်စခန်း(၆၄)ခု၊ မြို့နယ်မီးသတ်စခန်း (၃၀၃)ရုံး၊ မြို့နယ်မီးသတ်စခန်း (၃၀၃)ခုနှင့် နယ်မြေမီးသတ်စခန်း (၄၀၂)ခုတို့ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း။

မီးသတ်ဦးစီးဌာန ဖွဲ့စည်းပုံခွင့်ပြုတပ်ဖွဲ့အင်အားမှာ (၂၄၆၅၉)ရှိပြီး၊ လက်ရှိတပ်ဖွဲ့ဝင် (၁၂၈၂၄)ဦး နှင့် မီးသတ်ယာဉ်စုစုပေါင်း (၃၄၉၂)စီးတို့ဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှာ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် (၃၂၁၇၉၉)ဦးနှင့် စက်ရုံအလုပ်ရုံ လုပ်ငန်းဌာနများတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈၇၄၄)ဦးတို့ ဖွဲ့စည်းထားရှိပြီး မြို့၊ရွာ၊ရပ်ကွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အနေဖြင့် မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ကျယ်ပြန့်စွာစနစ်တကျ ဆောင်ရွက်ရန်အတွက် မိမိတို့ကွပ်ကဲမှုအောက်ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအင်အားကို တိုးချဲ့ဖွဲ့စည်းပြီး လေ့ကျင့်ရေး သင်တန်းများဖွင့်လှစ်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာမည့် ကျေးရွာအုပ်စုများမှာ အပေါ့စားမီးသတ်စက်များ ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့်တင်း နိုင်ရေးအတွက်ကိုလည်း တိုင်းဒေသကြီး၊ပြည်နယ် မီးသတ်ဦးစီးမှူးရုံးများမှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များသို့ တင်ပြရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ မြို့ပြနှင့်ဝေးကွာပြီး အချက်အခြာကျတဲ့ ကျေးရွာများမှာ နယ်မြေမီးသတ်စခန်းများ ဖွင့်လှစ်ရာမှာ ကျေးရွာအုပ်စု အိမ်ခြေလူဦးရေ ထူထပ်မှု အရန်မီးသတ်တပ်ဖွဲ့များ နိုင်ငံပိုင် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ တည်ရှိမှု၊ ဈေးများတည်ရှိမှု၊ (၁၀)နှစ်အတွင်း မီးလောင်မှုအကြိမ်အရေအတွက် ၊ ဆုံးရှုံးမှုတန်ဖိုး၊ မီးသတ်ယာဉ် ဝင်ထွက်နိုင်သည့် လမ်းများ စတဲ့အချက်အပေါ်မူတည်၍ ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ မီးသတ်ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံခွင့်ပြုထားရှိပြီးဖြစ်တဲ့ နယ်မြေမီးသတ်စခန်း (၇၀၃)စခန်းနှင့် ဖွင့်လှစ်ရန်ကျန် (၃၀၁)ခုတို့အား ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာရရှိနိုင်ရေး၊ အဆောက်အဦ ဆောက်လုပ်နိုင်ရေး၊ မီးသတ်ယာဉ် စက်ပစ္စည်းကိရိယာများ ဖြည့်တင်းနိုင်ရေး၊ တိုင်းဒေသကြီး/ပြည်နယ် မီးသတ်ဦးစီးမှူးများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံသို့ တင်ပြဆောင်ရွက်လျှက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

MDN
Credit-အမျိုးသားလွှတ်တော်