မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၃၀ ဇူလိုင် 

 

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ဒြပ်ရှိအမွေအနှစ် ရှေးဟောင်း အဆောက်အအုံများ ထောင်သောင်းချီ၍ တည်ရှိသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များလည်း အလွန်များပြားပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိမှုနှင့်ထိန်းသိမ်း စောင့်ရှောက်မှုကို အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းဖော်ပြမှုမရှိလျှင် အိမ်နီးချင်းနိုင်ငံအချို့၏ မွေးစားမှု၊ အသွင်ပြောင်းယူငင်မှု ခံရမည်ဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိနေပါက ပေါင်းစပ်ညှိနှိုင်းရန်၊ သတင်းအချက်အလက်များဖလှယ်နိုင်ရန်နှင့် ဆက်လက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တစ်နှစ်နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းရခြင်းဖြစ်ပါကြောင်း။

 

မိမိတို့သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကိုပြည့်ပြည့်စုံစုံ ပါရှိစေရန်နှင့် စနစ်တကျစာရင်း ကောက်ယူနိုင်စေရန်အတွက် ဖွဲ့စည်းထားသောအဖွဲ့ဝင်များ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ လိုအပ်သောပညာရပ်ပိုင်းဆိုင်ရာ အကူညီများကို ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးပေး မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ နယ်နိမိတ်အတွင်း တည်ရှိနေသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြည့်စုံစွာ ဖော်ထုတ်မှတ်တမ်းပြုစုခြင်း၊ စနစ်တကျ စာရင်းကောက်ယူ နိုင်ခြင်းအားဖြင့် အမျိုးသားဒြပ်မဲ့အမွေအနှစ် စာရင်းပြုစုရေး လုပ်ငန်းစဉ်၊ ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းစဉ် တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်စသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ (ICH) ဗဟိုကော်မတီအတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင်တင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဉ်များ၊ပြည်နယ်/ တိုင်းဒေသကြီးအလိုက် (ICH) စာရင်းကောက်ယူစုဆောင်း နေမှုအခြေအနေများ၊ အမျိုးသား(ICH) ဥပဒေရေးဆွဲနေမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ UNESCO ၏ Operational Directive တို့အား ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့ဒေသအလိုက် ဆောင်ရွက်လျက်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကိစ္စရပ်များ ရှေ့ဆက်လက် လုပ်ဆောင်ရန် လျာထားချက်များ၊ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

ယခုကျင်းပသည့် အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စာရင်းကောက်ယူပြီးစီးသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းများကိုစုစည်း၍ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းထုတ်ပြန်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ကောက်ယူပြီးစီးသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက်မှ နိုင်ငံတကာ အဆင့်သို့ ထည့်သွင်းဖော်ပြလိုသော စာရင်းအများဆုံး(၂)ခုကို ဗဟိုကော်မတီသို့ ရွေးချယ်ပေးပို့ရန်၊ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ဥပဒေ၊ နည်းဥပဒေပေါ်ထွက်ရေးအတွက် ဆက်လက်ညှိနှိုင်းရေးဆွဲရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများက မိမိဒေသအတွင်းရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ခြင်း၊ စုဆောင်းခြင်း၊ မြှင့်တင်ခြင်း၊ ထိန်းသိမ်းခြင်းများကို တွန်းအားပေး ဆောင်ရွက်ရန်၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားသတ်မှတ်သွားရန်၊ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ စိစစ်ရေး ပညာရှင်အဖွဲ့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပညာရှင်(၁)ဦး၏ အမည်စာရင်း ပေးပို့ရွေးချယ်၍ အဖွဲ့ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်သွားရန်၊ ဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သင်တန်းပေးရန်၊ ပျောက်ကွယ်လုနီးပါး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းပေးရန်စသည့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)