မြန်မာနိုင်ငံ သင်္ချာအသင်း နိုင်ငံတကာသင်္ချာအိုလံပစ်(IMO)ပြိုင်ပွဲဝင်များနှင့် ကူညီပံ့ပိုးသူ စေတနာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၆  သြဂုတ် 

 

မြန်မာနိုင်ငံ သင်္ချာအသင်း နိုင်ငံတကာသင်္ချာအိုလံပစ်(IMO)ပြိုင်ပွဲဝင်များနှင့် ကူညီပံ့ပိုးသူ စေတနာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက IMO သင်္ချာအိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို ရွေးချယ်ဆောင်ရွက်ပြီး သွားရောက်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊  IMO သင်္ချာပြိုင်ပွဲတွင် ပညာရေးစနစ်အရ အခြားနိုင်ငံများ အနေဖြင့် 12 တန်းအခြေခံပညာရေး စနစ်ဖြစ်သည့်အတွက် အသက် ၁၈ နှစ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံအနေဖြင့် အသက် ၁၆ နှစ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင် ကြခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအနေဖြင့် ၂၀၁၆ ခုနှစ်မှ စတင်၍ (၃)ကြိမ်မြောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ပြီးခဲ့သည့် နှစ်များက ရရှိခဲ့သည့်အတွေ့အကြုံ ပေါ်တွင်မူတည်ပြီး မိမိတို့၏အားနည်းချက် အားသာချက် ပုစ္ဆာများကို စိစစ် သုံးသပ် အာရုံစိုက်ယှဉ်ပြိုင်ပါက အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကြုံတွေ့ခဲ့ရသည့် ပြိုင်ပွဲအတွေ့အကြုံများပေါ်တွင် မူတည်၍ ရှေ့ဆက်လက်ကျင်းပမည့်ပြိုင်ပွဲများသို့ ဆက်လက်ယှဉ်ပြိုင်နိုင်ရန် အတွက် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင် ပေးကြသည့် ဆရာကြီး ဆရာမကြီးများအနေဖြင့် သင်္ချာပညာရပ်များကို ဆက်လက် လေ့လာသင်ယူ သင်ကြားပေးစေလိုပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်တိုင်လေ့လာသင်ယူရန်လည်း အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူလိုသည့်စိတ်ဓာတ်နှင့် ပြင်းပြသော ဆန္ဒများကို ဆက်လက်အားပေးနေမည်ဖြစ်ပြီး ဆရာ ဆရာမများ၊ မိဘ၊ အုပ်ထိန်းသူ အလှူရှင် များနှင့်ပြည်သူများ အားလုံးက ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ သင်္ချာအသင်း(ရန်ကုန်ရုံးခွဲ)ဥက္ကဋ္ဌ ဦးမြင့်သန်းက အမှာစကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက (၅၉) ကြိမ်မြောက် သင်္ချာအိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာအသင်းကို ကူညီပံ့ပိုးခဲ့ကြသူများအား ဂုဏ်ပြုပစ္စည်းများ ပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသားများအား အိုလံပစ်ဆိုင်ရာသင်ခန်းစာများသင်ကြားပို့ချပေးခဲ့ကြသည့် ဆရာ ဆရာမများအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသားများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ ဂုဏ်ပြုခံ ကျောင်းသားများကိုယ်စား မောင်ကျော်ထက်လင်း က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံသင်္ချာအသင်းမှ အတွင်းရေးမှူး ဒေါက်တာ စောဝင်းမောင်က မြန်မာနိုင်ငံသင်္ချာ အိုလံပစ်အသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)