မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ ပထမအကြိမ် သဘင်ညီလာခံနှင့် ဗဟိုသဘင် ရွေးကောက်ပွဲ ရန်ကုန်မြို့၌ နှစ်ရက်ကြာကျင်းပ

ရန်ကုန် ၁၆ မတ်  

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ ပထမအကြိမ် သဘင်ညီလာခံနှင့် ဗဟိုသဘင် ရွေးကောက်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံ၌ မတ် ၁၆ ရက်(ယနေ့)မှ ၁၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပလျက်ရှိသည်။

ညီလာခံ ပထမနေ့ (ယနေ့)တွင် သဘင်ဗဟို၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ မြန်မာ့ သဘင်လောက၏ အခက်အခဲများအပေါ် တင်ပြဆွေးနွေးခြင်း၊ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများကို အတည်ပြုခြင်း၊ သဘင်နှင့်ပတ်သက်သည့် ပညာရပ်ပိုင်းဆိုင်ရာများကို သက်ဆိုင်ရာ ကော်မတီများအလိုက် စာတမ်းများ ဖတ်ကြားခြင်းနှင့် ဥပဒေမူကြမ်းများကို တင်သွင်းဆွေးနွေးခြင်း တို့ကို ပြုလုပ်ကြပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေကြသည်။

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဖိုးချစ် က``သဘင်ရဲ့ညီညွတ်မှု၊ ပညာရှင်ကြီးများရဲ့ စောင့်ရှောက်မှုနဲ့အတူ သဘင်ရဲ့ အနာဂတ်ကို ဆွေးနွေးကြမယ့် ပထမဆုံးအကြိမ် သဘင်ညီလာခံဖြစ်ပါတယ်။ များများဆွေးနွေးရမယ်၊ များများတွေ့ဆုံ တိုင်ပင်ခြင်းအားဖြင့် အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ သဘင်ဥပဒေနဲ့ ပတ်သက်တဲ့ မူကြမ်းတွေလည်း တင်သွင်းမယ်။ သဘင်သည်တွေရဲ့ဖြစ်နေတဲ့ အခက်အခဲတွေ၊ အကာအကွယ်ပေးရေး ကိစ္စတွေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော် သမ္မတရုံးကနေ သဘင်ပညာရှင်များ အစည်းအရုံးကို ရုံးသစ်ဆောက်ဖို့ဆိုပြီး ငွေကျပ် သိန်းတစ်ရာ မတည် လှူဒါန်းပေးလိုက်တာ ရှိပါတယ်။ သဘင်ဆိုတာ နိုင်ငံရဲ့မျက်နှာစာ အမှန်ပါ။ နိုင်ငံရဲ့ပုံရိပ်ပါ၊ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း ရိုးရာယဉ်ကျေးမှုအပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်´´ ဟု ပြောသည်။


ညီလာခံမှ ဆွေးနွေးမှုများအရ ထွက်ပေါ်လာသည့် ရလဒ်များကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထိုမှတဆင့် သဘင် ဥပဒေပေါ်ထွက်လာစေရန် သဘင်လောကသားများ ဝိုင်းဝန်းကြိုးစား ကြရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ညီလာခံ ဒုတိယနေ့တွင် ဗဟိုသဘင် ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဗဟိုသဘင် ကော်မတီဝင်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ရာ သဘင်ညီလာခံ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒါရိုက်တာမောင်သီ က ``ဒီညီလာခံကို အကောင်းဆုံးပြင်ဆင်ပြီး ညီညီညွတ်ညွတ်နဲ့ လုပ်ထားတာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒုတိယနေ့မှာတော့ ရွေးကောက်ပွဲလုပ်မှာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကနေ ညီလာခံကို တက်ရောက်လာကြတဲ့ သူတွေထဲက ဥပဒေအရ မဲပေးပိုင်ခွင့် ရှိတဲ့သူတွေက မဲပေးကြမှာဖြစ်ပါတယ်။ သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ´´ ဟုပြောသည်။

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ ပထမ အကြိမ် သဘင်ညီလာခံနှင့် ဗဟိုသဘင် ရွေးကောက်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မတီဝင်များ၊ မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြင်ပသဘင်ပညာရှင်ကြီးများနှင့် ဖိတ်ကြားထားသူ ၆၀ဝ ကျော် တက်ရောက်ကြသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး