မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃)ဖွင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃

မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်း ညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများ၊ သွားနှင့်ခံတွင်း ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သွားနှင့် ခံတွင်းဆေးပညာနယ်ပယ်မှ ပြည်တွင်းပြည်ပပညာရှင်များ၊ ဘွဲ့လွန်ကျောင်းသား/ ကျောင်းသူများ  တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆေးဝန် ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာပိုင်စိုးတို့က  ညီလာခံဖွင့်ပွဲ အထိမ်းအမှတ် မုဒ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို Banquet Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အဖွင့်အမှာစကား ပြောကြားရာတွင် သွားဘက်ဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများအချင်းချင်း ချစ်ကြည်ရင်းနှီး မှုရရှိစေရန်၊ သွားဘက်ဆိုင်ရာဆေးပညာရပ် အရည်အသွေး မြင့်မားတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လေ့လာသင်ကြားနိုင် သည့် အခွင့်အလမ်းများရရှိစေရန်၊ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေရန်၊ အငြိမ်း စား သွားဘက်ဆိုင်ရာဆရာဝန်ကြီးများမှ မျိုးဆက်သစ်များအား ပညာအမွေ လက်ဆင့် ကမ်းပေးနိုင်စေရန်၊ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနရှိ သွားဘက်ဆိုင်ရာ ဆရာ ဝန်များ ပူးပေါင်းဆောင်ရွက်နေမှုများ ပိုမိုရင်းနှီးအားကောင်းလာစေရန် စသည့် ရည်ရွယ် ချက်များဖြင့် ယခုညီလာခံကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လူ့အသက်ထက် မည်သည့်အရာမှအရေးမကြီးကြောင်းနှင့် လူ့အသက်ကိုသာအဓိကထား ကယ်တင် ရမည်ဟု လမ်းညွှန်ခဲ့သည့်အတိုင်း ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် ပတ်သက်လာပါက နိုင်ငံတော်က လိုအပ်ချက်များကို အစွမ်းကုန်တိုးမြှင့် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ ခွဲစိတ်ကုသပေးနေပြီး ခံတွင်းကင်ဆာရောဂါများကိုလည်း  အထူးကျွမ်းကျင် ပိုင် နိုင်စွာ ကုသပေးနေကြောင်း သိရှိရသည့်အတွက် လူနာများကိုယ်စား အထူးပင် ကျေးဇူး တင်ရှိကြောင်း၊ နိုင်ငံတော်ဘက်မှလည်း တန်ဖိုးအလွန်ကြီးမြင့်သည့် ဓာတ်ရောင်ခြည် ဖြင့် ကုသမှုပေးသည့် စက်များကို တိုးမြှင့်တပ်ဆင်ပေးလျက်ရှိကြောင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုင်းရင်းသားများရှိရာ ဒေသများသို့ သွားရောက်ဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်၍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သွားနှင့်ခံတွင်းဆိုင်ရာ လူ့စွမ်း အားအရင်းအမြစ်များ တိုးမြှင့်ခန့်အပ်တာဝန်ပေးနိုင်ခဲ့မှု၊ ကိုယ်ဝန်ဆောင်မိခင်မှ စတင်၍ ကလေးသူငယ်အရွယ်၊ ကျောင်းနေအရွယ်၊ ပျိုရွယ်သူအရွယ်စသည့် အရွယ်ရောက်ပြီးချိန် မှစတင်၍ သက်ကြီးရွယ်အိုအရွယ်အထိ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှု၊ အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာမည့် လူငယ်များအတွက် အသိပညာ၊ အတတ်ပညာ၊ စာရိတ္တနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေမည့် ပညာရေးစနစ်ကိုဖော်ဆောင်ရာတွင် ကျန်းမာကြံ့ခိုင်သည့် ကျောင်းသူ/ ကျောင်းသားများ ဖြစ်လာစေရန် ငယ်ရွယ်နုနယ်စဉ်မှစ၍ ကျန်းမာရေးအသိပညာများ၊ အလေ့အကျင့်ကောင်း များရရှိစေရန်အတွက် သွားနှင့် ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများပါဝင်သည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်နေ မှု၊ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင်လိုအပ်သည့် ဆေး နှင့်ဆေးပစ္စည်းများ၊ ခေတ်မီစက်ကိရိယာများကို အလုံအလောက် ဝယ်ယူဖြည့်ဆည်းပေး နေမှုနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာ န ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ ဆေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဝေးလံခက်ခဲဒေသများအထိ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် အတူတကွ ကွင်းဆင်းကုသပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုး က ညီလာခံနှင့်ပတ်သက်၍ လည်းကောင်း၊ သွားနှင့် ခံတွင်းဆရာဝန်များ၏ ကျင့်ဝတ် သိက္ခာနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက် မှတ်တမ်း (Documentary Video Clip)ကို ပြသသည်။ 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ(၂၀၂၃)တွင် ခင်းကျင်းပြသထားသည့် သုတေသနစာတမ်းများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ 

ယခုညီလာခံအကြို လှုပ်ရှားမှုများအနေဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ နေပြည်တော် သွားနှင့်ခံ တွင်း အထူးကုဆေးရုံတွင် သက်ကြီးဘိုးဘွားများအား သွားတုအံကပ် အခမဲ့တပ်ဆင်ပေးခြင်းနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ကိုရီးယားသမ္မတနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီးများ နှင့်ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်။ 

ထို့ပြင် ညီလာခံကျင်းပသည့် ကာလအတွင်းတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံမှ Korea University Medicine တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ် (ရန်ကုန်)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တို့နှင့် ထိုင်းနိုင်ငံရှိ Khon Kaen University တို့သည်လည်း သွားဘက်ဆိုင်ရာဆေးပညာရပ်များ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ပတ်သက်၍လည်းကောင်း နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုး ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံကို “အရည်အသွေးပြည့်..သွားကျန်းမာ ရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ် ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး၍ နိုဝင်ဘာ(၃)ရက်မှ (၄)ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ ညီလာခံသို့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၅)နိုင်ငံမှ သွားဘက်ဆိုင်ရာဆေးပညာရှင်များနှင့် ပြည်တွင်းမှ သွားဘက်ဆိုင်ရာ ဆေးပ ညာရှင်များက အဆင့်မြင့်အရည်အသွေးမီ ကုသမှုနည်း စနစ်များကို ဟောပြောပို့ချ ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာစာတမ်း (ပိုစတာ) (၃၂)စောင်နှင့် စာတမ်းဖတ်ပွဲ (၃၀) ပါဝင်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ညီလာခံပညာရပ်ဆိုင်ရာဆွေးနွေးပွဲ (Academic Session)များ၏ ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ 

ယင်းနောက် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်ပြီး စာတမ်းရှင်များကို ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်