မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ကျောင်းဆင်းဘွဲ့ရများ၏ အလုပ်အကိုင်အခွင့်အလမ်း ယခင်ထက် ပိုမိုများပြားဟုဆို

ရန်ကုန် ၂၈ မေ


မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ကျောင်းဆင်းဘွဲ့ရများအား နိုင်ငံတကာသင်္ဘောကုမ္ပဏီကြီး များအပြင် ပြည်တွင်း/ပြည်ပ စက်ရုံ၊ အလုပ်ရုံများ၊ ဆိပ်ကမ်းများဖြင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးနေသောကြောင့် ယခင်ထက် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ပိုမိုများပြားလာကြောင်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

"ကျွန်တော်တို့အနေနဲ့ ကျောင်းမှာတက်ရောက်တဲ့ ကလေးတွေကျောင်းပြီးတာနဲ့ အလုပ်အကိုင်ရဖို့၊ ရနိုင်လောက်တဲ့ တတ်ကျွမ်းမှုမျိုးလည်းရှိဖို့ပေါ့။ ဆရာ/ဆရာမတွေရော ကျွန်တော်တို့တွေရော အစွမ်းကုန်ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။ ကျောင်းကနေ ဘွဲ့ပေးတဲ့ ၇ ခုမှာ သုံးခုက သင်္ဘောလိုင်း တိုက်ရိုက်လိုက်နိုင်တယ်၊ အဲ့ဒီအတွက် Shipping ကုမ္ပဏီတွေကို Scholar နဲ့ပတ်သက်တဲ့ ကျောင်းတက်နေတုန်း ခေါ်တာနဲ့ ကျောင်းပြီး ဘွဲ့ရမှ ခေါ်တဲ့ Non- Scholar စာချုပ်တွေ ချုပ်ဆိုထားတာတွေနဲ့လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ဖန်တီးပေးနေပါတယ်။

ဒီနည်းတွေနဲ့လည်း ကျောင်းသားတွေ သင်္ဘောလိုက်နိုင်ဖို့ အလုပ်အကိုင်ရရှိစေဖို့ ဆောင်ရွက်ပေးတာ အတော်ကြီးကို အစဉ်ပြေပါတယ်။ အခုနောက်ပိုင်းဆိုရင် အတော်များများကို အလုပ်တွေရရှိနေကြပါပြီ။ သင်္ဘောမဟုတ်တဲ့ ကျန်တဲ့ လေးဘာသာက ဘွဲ့တွေပေါ့။ ဒါတွေကိုလည်း ပြည်တွင်းက စက်ရုံတွေ၊ အလုပ်ရုံ တွေအပြင် အစိုးရအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ ဆောင်ရွက်ပေးနေသလို နိုင်ငံတကာမှာဆိုရင် အထူးသဖြင့်တော့ဂျပန်ပဲ အဖွဲ့အစည်းသုံးခုလောက်နဲ့ ချိတ်ဆက်ပြီး ဒီနှစ်နှစ်သုံးနှစ်ကာလအတွင်းမှာ အလုပ်အတွက် လွတ်နေတာအခုဆို ၁၀ဝ ဦးကျော် လောက်ရှိနေပါပြီ။ တချို့လည်း အလုပ်မဝင်ဘဲ ME တို့ Ph.D တို့ယူပြီး ဥရောပ၊ ဂျပန်၊ ကိုရီးယားဘက်ကို သွားတာတွေလဲရှိပါတယ်။ အလုပ်အကိုင်အားဖြင့်တော့ တဖြည်းဖြည်းနဲ့ ပိုများလာတယ်။ လောလောဆယ်မှာကို ကျွန်တော်တို့ ကျောင်းနဲ့အနီးဆုံးမှာရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုန်က ခေါ်ချင်လို့ လာလာပြီး ဟောပြော စည်းရုံးနေတာတွေလည်း ရှိတယ်။" ဟု မြန်မာနိုင်ငံ ေ ရကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ထပ်မံပြောသည်။

ယခုအခါတွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်အနေဖြင့် ရေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာ ဘာသာရပ်(NA)၊ တော်ဝင်ရေယာဉ်ဗိသုကာ၊ ဆိပ်ကမ်းအင်ဂျင်နီယာ ဘာသာရပ်၊ မြစ်ချောင်းနှင့် ကမ်းရိုး တန်းအင်ဂျင်နီယာ ဘာသာရပ်နှင့် အခြားရေကြောင်းဆိုင်ရာ ဘာသာရပ်၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ဘာသာရပ်၊ ရေကြောင်းစက်မှုအင်ဂျင်နီယာဘာသာရပ်၊ ရေကြောင်းသိပ္ပံဘာသာရပ်၊ ရေယာဉ် တည်ဆောက်မှု ဘာသာရပ်၊ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုဘာသာရပ်၊ ဆိပ်ကမ်းစီမံခန့်ခွဲမှု ဘာသာရပ်၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဘာသာရပ်နှင့် အခြားရေကြောင်းဆိုင်ရာ ဘာသာရပ်အလိုက် BE (၆)ဘွဲ့နှင့် B.Sc တစ်ဘွဲ့ စုစုပေါင်း ဘွဲ့ (၇)ဘွဲ့၊ ဒီပလိုမာ သုံးခုကို နှစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်ပေး နေကြောင်း သိရသည်။

ကျောင်းဆင်းဘွဲ့များကို ၂၀ဝ၇ ခုနှစ်မှ ယခု ၂၀၁၈ ခုနှစ် အထိ (၁၂) ကြိမ်တိုင် ပေးအပ်ခဲ့ပြီးဖြစ်ရာ ရေကြောင်း ဘက်ဆိုင်ရာဘွဲ့နှင့် ဒီပလိုမာဘွဲ့ရ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၈၆၀ ဦးအား မွေးထုတ်ပေးနိုင် ခဲ့ကြောင်း သိရသည်။

မင်းခ