မြန်မာနိုင်ငံ ရွေးကောက်ပွဲများနှင့် မြန်မာအမျိုးသမီးလွှတ်တော်အမတ်များ

မောင်စာဂ

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမြန်မာနိုင်ငံတွင် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ်အတွင်း ယခင်ကျင်းပမြဲ ပွင့်လင်းရာသီကာလတွင် ကျင်းပပြုလုပ်နိုင်ပါမည်။ အချိန်ကာလအားဖြင့် နှစ်နှစ်ပင် မလိုတော့ပါ။ ယခုချိန်ကစပြီးအရှိန်ယူကာ လိုအပ်သည့် လုပ်ငန်းများ စတင်ပြင်ဆင်ဆောင်ရွက်ကြရပါမည်။ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူများကလည်း ကြိုတင်စိတ်ဝင်စားနေကြသည်။ ပြည်သူနှင့် နိုင်ငံတော်အတွက် အရေးကြီးသော ရွေးကောက်ပွဲကြီးဖြစ်လိမ့်မည်ဟု ပြည်သူအချို့က ပြောဆို ဝေဖန်သုံးသပ်မှုတွေပြုနေကြသည်။

ခေတ်အဆက်ဆက်ရွေးကောက်ပွဲများ

ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲဟူသည် အရေးပါသည့် လုပ်ငန်းစဉ်ကြီးတစ်ရပ် ဖြစ်နေသည်။ မဖြစ်မနေပြုလုပ်ကြရသည်။ ရွေးကောက်ပွဲများ ကျင်းပခြင်းဖြင့် ပြည်သူတွေ ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီအလေ့အထ ပို၍ရှင်သန်ရင့်ကျက်လာမည်။ ပြည်သူတွေ ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီအလေ့အထ ရှင်သန်ရင့်ကျက်လာလေလေ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာလာမည်ဖြစ်သည်။ ရွေးကောက်ပွဲများမှသည်သာ ဒီမိုကရေစီလမ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ကြမည်။

ဤသို့ဖြင့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ ရွေးကောက်ပွဲများအကြောင်း လေ့လာခဲ့သည်။ တစ်ဆက်တည်းပင် ရွေးကောက်ပွဲများ၌ ရွေးကောက်ခံခဲ့သော မြန်မာအမျိုးသမီး လွှတ်တော်အမတ်များအကြောင်း ဆန်းစစ်လေ့လာခဲ့သည်။ လေ့လာဆန်းစစ်ရသမျှ အကြောင်းအချက်များကို ပြန်လည်မျှဝေပေးလိုသဖြင့်]မြန်မာနိုင်ငံရွေးကောက်ပွဲများနှင့်မြန်မာအမျိုးသမီးလွှတ်တော်အမတ်များ} ခါင်းစဉ်ဖြင့် ဆောင်းပါးခုနစ်ပုဒ် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ အဆိုပါ ဆောင်းပါးခုနစ်ပုဒ်ပါ အကြောင်းအချက်များကို အနှစ်ချုပ် ကောက်နုတ်လျက် ဤဆောင်းပါးဖြင့် နိဂုံးချုပ်ပါတော့မည်။

ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲအရေအတွက်

မြန်မာနိုင်ငံတွင်ပြောင်းလဲလာသည့် ခေတ်ကာလအလိုက် လွတ်လပ်ရေးမရမီ အင်္ဂလိပ်ကိုလိုနီ လက်အောက်တွင် ရှိစဉ်က လေးကြိမ်၊ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် လေးကြိမ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် လေးကြိမ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် တစ်ကြိမ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် တစ်ကြိမ်၊ ပထမအကြိမ် လွှတ်တော်သက်တမ်းကာလတွင် ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ်နှင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလအတွက် အထွေထွေရွေးကောက်ပွဲ တစ်ကြိမ်၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလတွင် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်စုစုပေါင်း ၁၈ ကြိမ် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းမှစ၍ ယနေ့အထိဆိုလျှင် ရွေးကောက်ပွဲပေါင်း ၁၄ ကြိမ်မျှသာ ကျင်းပနိုင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်နုတ်ပါက အထွေထွေရွေးကောက်ပွဲ ၁၁ ကြိမ်သာကျင်းပနိုင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခဲ့သည်မှာ နှစ်ပေါင်း ၇၁ နှစ် ကြာခဲ့ပါပြီ။ 

ပြည်သူတို့၏ရွေးကောက်ပွဲအတွေ့အကြုံ

ယနေ့ အသက် ၇၀ ကျော်ကျော် ရောက်ရှိနေသူများသည်ပင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ကျင်းပခဲ့သော ရွေးကောက်ပွဲကြီး လေးကြိမ်၊ ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီး တစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလနှင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတို့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီး နှစ်ကြိမ် စုစုပေါင်း ခုနစ်ကြိမ်သာဆန္ဒမဲပေးခဲ့ဖူးကြသည်။ ထိုသို့ ဆန္ဒမဲပေးခဲ့ကြရာတွင်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ရွေးကောက်ပွဲများ လေးကြိမ်သည် တစ်ပါတီ စနစ်ဖြစ်သည်။ ယှဉ်ပြိုင်အရွေးခံသူဟူ၍ မရှိခဲ့။ ပါတီကရွေးချယ်တင်ပေးလိုက်သည့်သူကိုသာ ထောက်ခံ၊ မထောက်ခံဆန္ဒပြုကြရသည်။

ဤသို့ဆိုလျှင် ယနေ့ အသက် ၇၀ ကျော်ကျော် ရောက်ရှိနေသူများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် ဆန္ဒမဲသုံးကြိမ်သာ ပေးခဲ့ဖူးသူများဖြစ်သည်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အတွေ့အကြုံ၊ ပါတီစုံဒီမိုကရေစီကျင့်စဉ်၊ ပါတီစုံဒီမိုကရေစီအလေ့အထများ လက်တွေ့ကျကျသိရှိမှု အားနည်းခဲ့ကြသည်ဟုဆိုနိုင်သည်။

အမျိုးသမီးလွှတ်တော်အမတ်အရေအတွက်

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့် အမျိုးသမီးလွှတ်တော်အမတ် ၁၅ ဦးရှိခဲ့သည်။ ယင်းတို့အထဲတွင် သုံးကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံရသူ တစ်ဦးရှိခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ရွေးကောက်ပွဲအသီးသီး၌ ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၅၂ ဦးရှိခဲ့သည်။ နှစ်ကြိမ်မြောက် ရွေးကောက်တင်မြှောက်ခံရသူ ၁၂ ဦး၊ သုံးကြိမ်မြောက်ရွေးကောက်တင်မြှောက်ခံရသူ သုံးဦးနှင့် လေးကြိမ်မြောက် ရွေးကောက်တင်မြှောက်ခံရသူတစ်ဦး ရှိခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး၊ ၂၀၁၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၄၅ ဦး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၃ ဦး၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၁၅၁ ဦး၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်နှစ်ဦး စုစုပေါင်း ၂၂၆ ဦး ရှိခဲ့သည်။ ယင်းအထဲတွင် နှစ်ကြိမ်အရွေးခံရသူ ခုနစ်ဦး၊ သုံးကြိမ် အရွေးခံရသူ သုံးဦးရှိခဲ့သည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတာဝန်

ဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး သို့မဟုတ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့သော၊ တာဝန်ထမ်းဆောင်နေသော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များမှာ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဒေါက်တာမြတ်မြတ်အုန်းခင် (ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဒေါ်စုစုလှိုင်(ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဒေါ်ဝင်းမော်ထွန်း (ဒုတိယဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)၊ ဒေါ်ခင်ပြုံးရည် (ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကချင်ပြည်နယ်)၊ ဒေါ်ဘောက်ဂျာ (ပညာရေး၊ လူမှုရေး၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ကချင်ပြည်နယ်)တို့ ဖြစ်ကြသည်။

 ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန)၊ ဒေါ်ခင်ဌေးကြွယ် (နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်)၊ နန်းခင်ထွေးမြင့်(ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ ဒေါ်မွှေးမွှေးခင် (ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး)၊ ဒေါက်တာလဲ့လဲ့မော်(တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်)၊ ဒေါ်နော်ပွယ်ဆေး (ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး)၊ ဒေါ်စံဝင့်ခိုင်(ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ မွန်ပြည်နယ်)၊ ဒေါ်ပန်းသဉ္ဇာမျိုး(ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး)၊ ဂါ့မိုးမြတ်မြတ်သူ(ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး)၊ ဒေါ်ညွန့်ညွန့်ဌေး(စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး)၊ ဒေါက်တာလှမြတ်သွေး(လူမှုရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး)၊ ဒေါ်တင်အိ (ဥက္ကဋ္ဌ၊ မွန်ပြည်နယ်လွှတ်တော်)တို့ ဖြစ်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ

ဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး သို့မဟုတ်ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့သော၊ တာဝန်ထမ်းဆောင်နေသောလွှတ်တော် ကိုယ်စားလှယ်မဟုတ်သည့် အမျိုးသမီးများမှာ ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ဒေါက်တာဒေါ်ခင်စန်းရီ (ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)၊ ဒုတိယဝန်ကြီးများအဖြစ် ဒေါက်တာဒေါ်သက်သက်ဇင်(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဒေါ်စန္ဒာခင်(ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဒေါက်တာဒေါ် သိန်းသိန်းဌေး(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်ခင်စန်းရီ(အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဒေါ်လဲ့လဲ့သိန်း(အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)တို့နှင့်ဒေါ်စန်းစန်းနွယ် (ယဉ်ကျေးမှု၊ သာသနာရေးဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီး)၊ ဒေါ်ခင်စောမူ(လူမှုရေးဝန်ကြီး၊ဧရာဝတီတိုင်းဒေသကြီး)၊ ဒေါ်ခင်စောဦး (ဒုတိယဥက္ကဋ္ဌ၊ဗဟိုဘဏ်)၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များအဖြစ် ဒေါ်ခင်လှမြင့်၊ ဒေါ်မိမိရီ၊ဒေါ်လှမျိုးနွယ်၊ ဒေါ်ကျင်စန်း၊ ဒေါက်တာဒေါ်သီတာဦးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ဒေါက်တာဒေါ်မြင့်ကြည်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ် ဒေါက်တာဒေါ်သန်းနွဲ့၊ ဒေါ်မြမြတို့နှင့် ဒေါ်မေရီမီနန် (ဥပဒေချုပ်၊ကချင်ပြည်နယ်)၊ ဒေါ်ကြည်ကြည်(စာရင်းစစ်ချုပ်၊ကယားပြည်နယ်)၊ ဒေါ်ခင်မော် (စာရင်းစစ်ချုပ်၊ ကရင်ပြည်နယ်)၊ ဒေါ်ခင်မြင့်အေး (စာရင်းစစ်ချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး)၊ ဒေါ်ခင်ခင်မျိုး (စာရင်းစစ်ချုပ်၊ မွန်ပြည်နယ်) တို့ဖြစ်ကြသည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ်ဒေါ်လှမျိုးနွယ်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ် ဒေါက်တာဒေါ်သန်းနွဲ့၊ ဒေါ်မြမြ၊ ဒေါက်တာဒေါ်တင်မေထွန်းတို့နှင့် ဒေါက်တာဒေါ်မြလေးစိန် (ဒုတိယဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)၊ ဒေါ်နီလာကျော် (လျှစ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး)၊ ဒေါ်ခင်သန်းလှ (စာရင်းစစ်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး)၊ ဒေါ်နန်းဝိုဟိန်း (စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်)၊ ဒေါ်စန်းစန်းခိုင် (စာရင်းစစ်ချုပ်၊ ဧရာဝတီတိုင်းဒေသကြီး)၊ ဒေါ်ခင်အေးဆွေ (စာရင်းစစ်ချုပ်၊ မန္တလေးတိုင်းဒေသကြီး)၊ ဒေါ်သိန်းသိန်းဦး (စာရင်းစစ်ချုပ်၊ မွန်ပြည်နယ်)၊ ဒေါ်ယဉ်လှ (စာရင်းစစ်ချုပ်၊ ရခိုင်ပြည်နယ်)၊ ဒေါ်သန်းဝင်း (စာရင်းစစ်ချုပ်၊ ပဲခူးတိုင်းဒေသကြီး)၊ ဒေါ်အေးအေးမို့ (ဥပဒေချုပ်၊ မွန်ပြည်နယ်)၊ ဒေါ်ခင်မျိုးကြည် (ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး) တို့ဖြစ်ကြသည်။

ရွေးကောက်ပွဲများနှင့်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် သမိုင်းကြောင်း တစ်လျှောက် လွှတ်တော်ရွေးကောက်ပွဲများတွင် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မှုကိုဖော်ပြခဲ့ပြီးဖြစ်သည်။ ပြန်၍အနှစ်ချုပ် ခြုံကြည့်ပါလျှင် မြန်မာနိုင်ငံတွင် ၁၉၃၅ ခုနှစ်မှစတင်ကာ အမျိုးသမီးများ မဲပေးခွင့်ရရှိခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် အမျိုးသမီးများ ဝင်ရောက်ရွေးချယ်ခံပိုင်ခွင့်ရရှိခဲ့သည်။ ယနေ့ ပါတီစုံဒီမိုကရေစီခေတ်၊ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ်ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၅၁ ဦး ရွေးချယ်ခံရသည်။ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၆၇ ဦး၊ ၁၃ ဒသမ ၇ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၇၉ ဦး၊ ၁၂ ဒသမ ၅ ရာခိုင်နှုန်းနှင့်အမျိုးသမီးတိုင်းရင်းသားရေးရာဝန်ကြီး ငါးဦး၊ ၁၇ ဒသမ ၂ ရာခိုင်နှုန်းအသီးသီးပါဝင်သည်ကို စိစစ်တွေ့ရှိရမည် ဖြစ်သည်။

အမျိုးသမီးများသည် ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပြီး လွှတ်တော်အမတ်အဖြစ်ထမ်းဆောင်ခြင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် ခေါင်းဆောင်များ၊ တကြွ်ကလှုပ်ရှားသူများအဖြစ် ဆောင်ရွက်ခြင်းဖြင့် ဥပဒေပြုခြင်း၊ မူဝါဒနှင့်ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြမည်။ အမျိုးသမီးများအနေဖြင့် နိုင်ငံရေးနှင့် အစိုးရအဖွဲ့အစည်းများတွင် တန်းတူညီမျှစွာ ပါဝင်မှုရှိမှသာအားကောင်းခိုင်မာသည့် လူမှုအသိုင်းအဝန်းကို ဖော်ဆောင်နိုင်ပြီး ဒီမိုကရေစီရှင်သန်ထွန်းကားနိုင်မည်ဖြစ်သည်။

ဒီမိုကရေစီရှင်သန်ရန်ရွေးကောက်ပွဲများအခြေခံ

ပါတီစုံဒီမိုကရေစီစနစ်၊ ပါတီစုံဒီမိုကရေစီကျင့်စဉ်၊ ပါတီစုံဒီမိုကရေစီအလေ့အထများနှင့် လက်တွေ့ကျကျအလှမ်းဝေးကွာလာခဲ့ရသည့် ယနေ့မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားတောင့်တလာကြသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာ တည်ဆောက်၍ ချီတက်ကြရမည်ဟု သန္နိဋ္ဌာန် ချမှတ်ထားကြသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာတည်ဆောက်ကြဖို့ဆိုလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို မလွဲမသွေ ကျင်းပကြရပါမည်။ နိုင်ငံရေးပါတီများခိုင်မာစွာရပ်တည်ရှင်သန်နေကြရပါမည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများသည်လည်း လွတ်လပ်ရမည်၊ မျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်ရမည်၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒရလဒ်အမှန်ကို ထုတ်ဖော်ပေးနိုင်ရပါမည်။ ဤသို့သောရွေးကောက်ပွဲမျိုးဖြစ်စေရန်မှာ ရွေးကောက်ပွဲများကို ဦးဆောင်ဦးရွက်ပြုကြရသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့သည် အဓိကတာဝန်ရှိသူများဖြစ်ကြသည်မှာ မှန်ပါ၏။ သို့ရာတွင် သက်ဆိုင်ရာတာဝန်ရှိအစိုးရဌာန၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း များစွာအရေးကြီးလှသည်။ အဓိကအကျဆုံးမှာ မဲဆန္ဒရှင်ပြည်သူများက ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီအသိ၊ ဒီမိုကရေစီကျင့်စဉ် အလေ့အထများဖြင့် အားတက်သရောစိတ်ပါဝင်စားစွာ ဆန္ဒမဲပေးကြမှသာလျှင် ပါတီစုံဒီမိုကရေစီစနစ် ထာဝရရှင်သန်နေပေတော့မည်။ ။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ထာဝရ ရှင်သန်နေပါစေ၊ 

မြန်မာအမျိုးသမီးကိုယ်စားလှယ်များ ပိုမိုတိုးတက်ပါဝင် ယှဉ်ပြိုင်အနိုင်ရကြပါစေ၊ 

ပြည်သူနှင့် နိုင်ငံတော်အကျိုးကိုရှေးရှုဆောင်ရွက်နိုင်ကြပါစေ။

ကြေးမုံ