နေပြည်တော် ဩဂုတ် ၁၅

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် (၅၁) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လုပ်ငန်းစဉ်အတွက် အလုပ်အကိုင် အမျိုးအစား (၇၀) တွင် ကျွမ်းကျင်မှုစံ (၉၂) ခုကို အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၅၂)မျိုးတွင် ကျွမ်းကျင်လုပ်သား (၂၆,၉၆၉)ဦး၊ စစ်ဆေးအကဲဖြတ်ရေး ဌာန(၂၇၅)ခု၊ စစ်ဆေးရေးမှူး(၁၀၂)ဦး၊ စစ်ဆေးအကဲဖြတ်သူ(၈၆၆)ဦးကို အသိအမှတ်ပြုပေးခဲ့ကြောင်း။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ (၅,၀၀၀) ဦးကို စစ်ဆေးအကဲဖြတ်မှု လျာထားချက်ပြည့်မီရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ စိုက်ထုတ်ကျခံသုံးစွဲခြင်းဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန တာဝန်ခံများအနေဖြင့် ကျွမ်းကျင်မှု အဆင့်အလိုက် စစ်ဆေးအကဲဖြတ်မှုခံယူရန် လျှောက်ထားလာသော ဖြေဆိုသူများ အနက် အရည်အချင်းပြည့်မီနိုင်သူများကိုသာ စိစစ်ရွေးချယ်ရေး၊ NSSA အသိအမှတ်ပြုလက်မှတ် ရယူထားသည့် စစ်ဆေးအကဲဖြတ်ရေးဌာနများသည် သက်တမ်းကာလ (၂) နှစ်အတွင်း တစ်ကြိမ်မျှ စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်ခြင်းမရှိက သတ်မှတ်ဒဏ်ကြေး ပေးသွင်းရေး၊ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ASEAN Skills Competition ၌ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အလုပ်အကိုင်နယ်ပယ် (၆) ခုဖြစ်သော Information and Communication, Manufactur- ing and Engineering, Construction and Building Technology ကဏ္ဍ (၃) ခုနှင့် Social and Personal Services, Creative Arts and Fashion, Transportation and Logistics ကဏ္ဍ (၃) ခုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် လုပ်ငန်းကဏ္ဍများရွေးချယ်၍ အာဆီယံနိုင်ငံများ၏ ကျွမ်းကျင်မှုစံများကို လေ့လာပြီး လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

ထို့နောက် တက်ရောက်လာသူများက NSSA ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်ကူညီရေး၊ လုပ်ငန်းခွင်နှင့်သင့်လျော်သော သင်ရိုးညွှန်းတမ်းများ ရရှိရေး၊ ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ်ပေးနိုင်ရေးနှင့် လုပ်ငန်းခွင်အလိုက် လုပ်သားများအနေဖြင့်  ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ရရှိရေးတို့အတွက် Puplic, Private, Partnership  အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အလေးထားဆောင်ရွက်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်