မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ်မှ ပထမအကြိမ် သက်ကြီးအမျိုးသမီး ကင်းထောက် အခြေခံ သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်  ၁၈   နိုဝင်ဘာ

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှကြီးမှူး၍ သက်ကြီးအမျိုးသမီး ကင်းထောက် အခြေခံ သင်တန်း (၁/၂၀၁၉)ဆင်းပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ ကြင်းတော်ယန် ဗုဒ္ဓဘာသာခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ လူငယ်ကင်းထောက်မှူးချုပ် ဦးမြင့်ဆွေနှင့် ကင်းထောက်ကြီးများ၊ “ကြင်းတော်ယန်” ဗုဒ္ဓဘာသာ အမျိုးသမီး ပရဟိတအသင်းမှ အမျိုးသမီး သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းသူများက “ကင်းထောက်ဂုဏ်ရည်” တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ကင်းထောက်သင်တန်းသူများက ကင်းထောက်အလံကိုကိုင်၍ ကင်းထောက်ကတိ ခံယူပြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားကာ သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

 

ယင်းသင်တန်းကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ သက်ကြီး အမျိုးသမီးကင်းထောက် အခြေခံသင်တန်းအဖြစ် ပထမဆုံးအကြိမ် နိုဝင်ဘာ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြစ်ကာ “ကြင်းတော်ယန်” ဗုဒ္ဓဘာသာ အမျိုးသမီး ပရဟိတအသင်း နာယက၊ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်သို့ အလှူငွေ ကျပ်သိန်း (၁၂၀) ပေးအပ် လှူဒါန်းပြီး သင်တန်းသူများက “ငြိမ်းချမ်းရေး၏ သံတမန်များ” တေးဂီတကို သီဆိုသရုပ်ဖော်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။

(သတင်းစဉ်)