မြန်မာနိုင်ငံ ဆေးပညာဆရာဝန်များအသင်းညီလာခံ အထိမ်းအမှတ် လမ်းလျှောက်ပြိုင်ပွဲ အထူးကုဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်တစ်ရာကျော် ပါဝင်ဆင်နွှဲ

မန္တလေး ၅ အောက်တိုဘာ

 

(၁၉)ကြိမ်မြောက် မြန်မာနိုင်ငံ ဆေးပညာဆရာဝန်များအသင်းညီလာခံ အထိမ်းအမှတ် လမ်းလျှောက်ပြိုင်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးအရှေ့ဘက် ၂၆ လမ်းနှင့် ၆၆ လမ်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

စုပေါင်းလမ်းလျှောက်ပြိုင်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆရာဝန်ကြီးများ၊ ညီလာခံသို့ တက်ရောက်လာကြသည့် အနယ်နယ်အရပ်ရပ်မှ ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ဆေးကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်ကြပြီး ၆၆ လမ်းတစ်လျှောက် ၂၆ လမ်းမှ ၁၂ လမ်းအထိ လမ်းလျှောက်ခဲ့ကြသည်။

 

“ဆရာဝန်တွေဟာ ဆေးပဲကုနေကြရတာ၊ ဆရာဝန်တွေအတွက် ကျန်းမာရေးက အရေးကြီးပါတယ်။ သူများတွေကိုပဲ ကုပေးနေရတော့ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ဖြစ်တော့ဘူး။ ကိုယ့်ကိုယ်ကို ကျန်းမာရေးစောင့်ရှောက်နိုင်အောင် ဂရုပြုနိုင်အောင် ရည်ရွယ်ပါတယ်။  အားကစားထဲမှာ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေ၊ နှလုံးတွေကို ကျန်းမာသန်စွမ်းစေတယ်။ ဒါကြောင့် လမ်းလျှောက်ပြိုင်ပွဲ ကျင်းပတာပါ”ဟု ဆီးနှင့်ကျောက်ကပ်ဆေး အထူးကုဌာန၊ ဌာနမှူး(ငြိမ်း) ဒေါက်တာခင်မောင်ကျော်က ပြောသည်။

 

စုပေါင်းလမ်းလျှောက်ပြိုင်ပွဲတွင် အမျိုးအစားသုံးမျိုး သတ်မှတ်၍ ကျင်းပခဲ့ရာ အသက် ၄၀ နှစ်အောက် အမျိုးအစားတွင် ၆၀ ဦး၊ အသက် ၄၀ နှစ်နှင့် ၅၀ နှစ်ကြား အမျိုးအစားတွင် ၃၅ ဦး၊ အသက် ၆၀ နှစ်အထက် အမျိုးအစားတွင် ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

တင်မောင်(မန်းကိုယ်ပွား)