မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးကြိုစပါး စတင်စိုက်ပျိုးနေပြီဖြစ်ပြီး လယ်ယာမြေအများစု သမားရိုးကျ မျိုးစေ့ကြဲပက်ခြင်းထက် တိုက်ရိုက်မျိုးစေ့ချကိရိယာများ အဓိကထား သုံးစွဲလာ 

၁၅ မတ်

 

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးများရှိ ဆည်ရေသောက် ဧရိယာများတွင် မိုးကြိုစပါး စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး လယ်ယာမြေအများစုတွင် သမားရိုးကျ လူအင်အားဖြင့် မျိုးစပါးကြဲပက်ခြင်းထက် တိုက်ရိုက်မျိုးစေ့ချ ကိရိယာများကို အသုံးပြုလာပြီဖြစ်ကြောင်း အဆိုပါဒေသခံ လယ်သမားကြီးများထံမှ သိရသည်။ 

 

936

 

“အရင်တုန်းကတော့ တိတိကျကျပြောရရင် လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကမှစပြီး ဒီထရန်စီတာပေါ့နော်။ မျိုးစေ့ချကိရိယာကို စသုံးလာတာပါ။ ကျွန်တော်တို့ အပိုင်ဝယ်မထားနိုင်ပါဘူး။ လက်စားလုပ်နေတဲ့ အဖွဲ့တွေကို ခေါ်ပြီးတော့ အပ်ရတာပေါ့။ ထရန်စီတာ မသုံးခင်တုန်းက မျိုးစပါးကို သမားရိုးကျ လက်နဲ့ကြဲပက်ခဲ့ကြတယ်။ ကိုယ်လယ်ကိုယ် လုပ်ကြတာပဲ။ လူငှားရင်လည်း ကျပ်သုံးလေးထောင်လောက်ပဲ ကုန်တာလေ။ ထရန်စီတာ သုံးတဲ့အခါကျတော့ တစ်ဧက ရှစ်ထောင်လောက်ကုန်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ကြဲပက်ရတဲ့ မျိုးစပါးကျတော့ နည်းသွားတယ်။ လက်နဲ့ကြဲပက်တာက ပုံမှန်မျိုးစပါး သုံးတင်းလောက်ဆိုရင် ထရန်စီတာနဲ့ကျတော့ နည်းသွားပြီ နှစ်တင်းလောက်ပဲ တစ်ချို့ဆို တစ်တင်းခွဲလောက်ပဲ ကုန်တော့တယ်။ ပျိုးပင်ညီညာမှုကတော့ တစ်အားကွာတယ်။ ဆေးဖြန်းရတာ အဆင်ပြေတယ်။ မြေဆီပက်တာလဲ တိတိကျကျ ဖြစ်တယ်။ အထွက်နှုန်းမှာလည်း ကွာတယ်။ ပုံမှန်ကတော့ ကျွန်တော်တို့လယ်က တစ်ရာနီးနီးက ထရန်စီတာသုံးရင် ပိုထွက်တာ သိသာတယ်။ နောက်တစ်ခုက ကုန်သည်က တအားကြိုက်တယ် ဈေးပိုပေးတယ်။ အဲဒါအားသာချက်ပဲ”ဟု မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြောက်ယမားကျေးရွာမှ လယ်သမားကြီး ဦးကျော်ညွန့်က ပြောသည်။ 

 

အလားတူပင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ရိုက်မျိုးစေ့ချ ကိရိယာများဖြင့် မျိုးစပါးချခြင်းကို လက်စားလုပ်ကိုင်နေသူ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ဦးထွန်းခိုင်ကလည်း “လက်နဲ့ကြဲပက်တာနဲ့ ဘာကွာလဲဆိုရင် ကွာခြားချက်ကတော့ အများကြီးပဲ။ အပင်ပေါက်နှုန်း ကွင်းညီညာမှု ဆေးသွင်းဆေးဖျန်းလုပ်ရတာ တော်တော်ကွာတယ်။ ထွက်လာတဲ့ အထွက်နှုန်းလဲ ကွာတယ်။ ဒါသုံးရင် စပါးအောင်ဖို့က မျိုးရာနှုန်းပြည့်အောင်တာ အာမခံနိုင်တယ်။ နောက်တစ်ခုက တောင်သူဒါကို ပြောင်းသုံးလာတာ ပွဲစားနဲ့လည်းဆိုင်တယ်။ ပွဲစားက စီတာစပါးဆိုရင် ပိုပေးတော့ ပိုလုပ်လာကြတာပေါ့။ ကျွန်တော်တို့ တစ်ရာသီမှာ ဒီတစ်ခွင် မတ္တရာနယ်တင်မကဘူး ပုသိမ်ကြီးဘက် အဲဒီကနေ ရွှေဘိုဘက်အထိတက်ပြီး လုပ်ပေးရတာတွေရှိတယ်”ဟု ပြောသည်။ 

 

တိုက်ရိုက်မျိုးစေ့ချကိရိယာကို အဓိကထား သုံးစွဲနေကြသည့် ဧရိယာများမှာ စနစ်တကျ မြေညှိပြင်ဆင်ပြီး လယ်ကွက်ကြီးများ ဖော်ဆောင်ထားသည့် ဧရိယာများဖြစ်ကြောင်း သိရသည်။ ယင်းအပြင် တိုက်ရိုက်မျိုးစေ့ချ ကိရိယာကို အသုံးပြုရာတွင် ရေနေရေထိုင်ညီသည့် လယ်ကွက်များဖြစ်ရန် လိုအပ်ကြောင်းလည်း သိရသည်။

 

ရဲရဲ(ပျဉ်းမနား)