မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်

ရန်ကုန် ၁၂   သြဂုတ် 


မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို သြဂုတ် (၁၁) ရက် မွန်းလွဲပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယ ပညာဦးစီးဌာနရုံး၌ ကျင်းပသည်။


အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အားကစားလောကကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်သွားနိုင်ရေး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းသွားရန်နှင့် ထိုသို့ ပြန်လည်ဖွဲ့စည်းရာတွင် ကော်မတီဝင်များအား ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်နိုင်ရန်အတွက် အားကစားနည်း အမျိုးမျိုးမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိသူများနှင့် မေလ (၆)ရက်နေ့၌ တွေ့ဆုံ၍  အစည်းအဝေး တစ်ရပ်ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း။


ထိုသို့ ရွေးချယ်ရာ၌ မြန်မာ့အားကစားလောကကြီး တိုးတက်ရေးနှင့် နိုင်ငံ၏ ပုံရိပ်မြင့်မားရေး စွမ်းဆောင်နိုင်သူများကို ကော်မတီဝင်များအဖြစ် ရွေးချယ်သွားကြရန်ဖြစ်ပါကြောင်း၊ ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ကော်မတီလုပ်ငန်းများကို လွတ်လပ်စွာလုပ်ဆောင်ရန်ဖြစ်ပြီး ဝန်ကြီးဌာနမှ ပံ့ပိုးမှုလုပ်ငန်းများကိုသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီကို နိုင်ငံတကာအိုလံပစ်ကော်မတီ၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ဖွဲ့စည်းနိုင်ရေးအတွက် ဒုတိယဝန်ကြီးဦးဆောင်သော အဖွဲ့သည် နိုင်ငံတကာအိုလံပစ် ကော်မတီရုံးချုပ်သို့ သွားရောက်လေ့လာခဲ့ပါကြောင်း။


ထိုသို့သွားရောက်ခဲ့ရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည် ဖွဲ့စည်းရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ အမျိုးသားအဆင့်အားကစား ဥပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နိုင်ငံတကာအိုလံပစ်ကော်မတီမှ အဖွဲ့ဝင် နိုင်ငံအသီးသီးသို့ စီမံချက်လုပ်ငန်းအလိုက် Olympic Solidarity Program မှတစ်ဆင့် ထောက်ပံ့ပေးအပ်လျှက်ရှိသော အကူအညီများနှင့် ပတ်သက်၍လည်း သိရှိဆွေးနွေးနိုင်ခဲ့ပါကြောင်း။


ကော်မတီဖွဲ့စည်းပြီးနောက် ကော်မတီမှ ပွင့်လင်းစွာဖြင့် အကြံပြုချက်များကို ဝန်ကြီးဌာနမှ အလေးအနက်ထား၍ ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ချိတ်ဆက်၍လည်း လုပ်ငန်းများဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဇွန်(၂၀)ရက်မှ (၂၅)ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ လော်ဇန်းမြို့ရှိ အပြည်ပြည် ဆိုင်ရာအိုလံပစ် ကော်မတီရုံးချုပ်သို့ သွားရောက်၍ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ပြန်လည်ဖွဲ့ စည်းရေး၊ မြန်မာနိုင်ငံ အမျိုးသားအဆင့်အားကစား ဥပဒေပြဌာန်း ရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဖွဲ့စည်းမည့် ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင် က မြန်မာနိုင်ငံ အိုလံပစ်ကော် မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ကိစ္စများနှင့် လက်ရှိဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေးတို့အတွက် အဖွဲ့ချုပ်တစ်ခုချင်းစီအလိုက် တင်ပြအကြံပြု ဆွေးနွေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အသေးစိတ်ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)

 

8S8A9