မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့်ဦးဆောင်ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊  ၁၇  ဒီဇင်ဘာ

မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ် သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အဖွဲ့ဝင်များဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များသည် ပြည်သူများ၏ ကျန်းမာရေးအတွက်သာမက ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါကြောင်း၊ ယခုအချိန် တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ အရေးကြီး သည့် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးကိစ္စရပ်များကို လစ်လျူရှု၍ မရပါကြောင်း၊ အာဟာရချို့တဲ့ မှုကြောင့် ကိုယ်ခန္ဓာခုခံအားကျဆင်းကာ ကိုဗစ်-၁၉ ကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားခြင်းနှင့် ကိုယ်ခန္ဓာနှင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းခြင်း၊ အာဟာရလွန်ကဲမှုကြောင့် အဝလွန်ခြင်း၊ အဆီ၊ သကြားနှင့် ဆားစသည်တို့ကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ဆီးချို၊ သွေးတိုး စသည့် မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားခြင်း အပါအဝင် အာဟာရဖွံ့ဖြိုးမှု အားနည်းခြင်း၏ နောက်ဆက်တွဲပြဿနာများကြောင့် ကျန်းမာ ရေးချို့တဲ့မှုများ ဖြစ်ပွားကာ နေထိုင်မှုအရည်အသွေး ကျဆင်းခြင်းမှ သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါကြောင်း။

(၂၀၁၇) ခုနှစ်၊ ဇန်နဝါရီလတွင် ပခုက္ကူမြို့၌ ကျင်းပခဲ့သည့် အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ အကြား ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အခြားနှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန် ခဲ့ပါကြောင်း၊ လမ်းညွှန်ချက်အရ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ "ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (၂၀၁၈/၁၉-၂၀၂၂/၂၃) (MS-NPAN)" ကို ရေးဆွဲကာ ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံ ဆက်စပ်ပါဝင် သည့် ကွင်းဆက်လုပ်ငန်းကြီးဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်၍ မရဘဲ လုပ်ငန်းတာဝန်များအလိုက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း။

အဆိုပါ စီမံကိန်းတွင် ပါဝင်သောလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်တွေ့ မြေပြင်တွင် အကောင်အထည်ဖော်နိုင်သော လုပ်ငန်းနည်းဗျူဟာများချမှတ်ကာ ကဏ္ဍ အလိုက်တာဝန်ယူ ဆောင်ရွက်မည့်ဌာန၊ ဆောင်ရွက်မည့်ကာလအတိုင်းအတာတို့ကို တိကျစွာ သတ်မှတ်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှီးနွှယ်မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ “မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်း (၂၀၁၇-၁၈)" အား  မြန်မာနိုင်ငံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ စာရင်းကောက်ကွက် (၄၅၀) ဖြင့် အိမ်ထောင်စုပေါင်း (၂၇,၃၃၉) မှ လူဦးရေ (၃၈,၇၅၁) ဦး ထံမှ လေ့လာကောက်ယူခဲ့ပါကြောင်း။

အဆိုပါစစ်တမ်းကောက်ယူရာတွင် နေရာဒေသအလိုက် စားသောက်ပုံများ၊ အာဟာရ ဖွံ့ဖြိုးမှုအခြေအနေများ၊ အာဟာရချို့တဲ့မှုဆိုင်ရာ ပြဿနာဖြစ်ပွားမှုများကို ဆန်းစစ်ခြင်း၊ ဓာတ်ခွဲနမူနာများ ရယူကာ ဓာတ်ခွဲစစ်ဆေးခြင်းများပြုလုပ်၍ ကောက်ယူထားခြင်း ဖြစ်ပါ ကြောင်း၊ အဆိုပါစစ်တမ်း မှ တွေ့ရှိချက်များကို ဆန်းစစ်သုံးသပ်ခြင်းဖြင့် နေရာဒေသ အလိုက် လက်ရှိအာဟာရဖွံ့ဖြိုးမှုအခြေအနေများကို သိရှိရမည်ဖြစ်ပြီး လုပ်ငန်းနည်းဗျူဟာများကို ဦးစားပေးလုပ်ငန်းများသတ်မှတ်ကာ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။

စစ်တမ်းတွေ့ရှိချက်များတွင်  နိုင်ငံတွင်းရှိ အိမ်ထောင်စုများ၏ (၄၉ ဒသမ ၃) ရာခိုင်နှုန်း ခန့်ကသာ အစာအုပ်စုစုံလင်စွာစားသုံးနေမှု၊ အိမ်ထောင်စုများ၏ (၈၆) ရာခိုင်နှုန်းသည် အိုင်အိုဒင်းဆား စားသုံးနေကြသော်လည်း (၃၆ ဒသမ ၈) ရာခိုင်နှုန်းသာလျှင် အရည်အသွေး ပြည့်ဝစံမီ အိုင်အိုဒင်းဆားကို စားသုံးနေမှု၊ မွေးစမှ အသက် (၆) လအထိ မိခင်နို့ တစ်မျိုး တည်းသာ တိုက်ကျွေးခြင်း (၆၇) ရာခိုင်နှုန်းသာရှိမှု၊ ကလေးအသက် (၆)လတွင် ဖြည့်စွက်စာ စနစ်တကျကျွေးခြင်းမှာ (၁၃ ဒသမ ၃) ရာခိုင်နှုန်းသာရှိပြီး အလွန်နည်းပါးနေမှု၊ အသက် (၁) နှစ်မှ (၃) နှစ်အရွယ်ကလေးများ၏ (၄၀) ရာခိုင်နှုန်းနှင့် နို့တိုက်မိခင် (၇၁) ရာခိုင်နှုန်းသည် သံဓာတ်အာဟာရ လုံလောက်စွာ စားသုံးခြင်း မရှိမှု၊ အသက် (၅) နှစ်အောက် ကလေးများ၏ (၃၅ ဒသမ ၆) ရာခိုင်နှုန်း သည် သွေးအားနည်းခြင်း၊ (၂၃) ရာခိုင်နှုန်း သည် သံဓာတ်ချို့တဲ့ခြင်းနှင့် (၁၉ ဒသမ ၉) ရာခိုင်နှုန်းသည် ဇင့်ဓာတ်ချို့တဲ့ခြင်းရှိနေမှု၊ ကိုယ်ဝန်ဆောင်မိခင်များ၏ (၄၀) ရာခိုင်နှုန်းသည် သွေးအားနည်းခြင်း၊ (၂၇ ဒသမ ၇) ရာခိုင်နှုန်းသည် သံဓာတ်ချိုတဲ့ခြင်း၊ (၇၁ ဒသမ ၃) ရာခိုင်နှုန်းသည် ဗီတာမင်ဘီ ဝမ်းချို့တဲ့ခြင်းနှင့် (၆၁ ဒသမ ၁) ရာခိုင်နှုန်းသည် ဗီတာမင်ဒီမလုံလောက်ခြင်းရှိနေမှု၊ နို့တိုက် မိခင်များ၏ (၃၅ ဒသမ ၄) ရာခိုင်နှုန်းသည် သွေးအားနည်းခြင်း၊ (၁၇ ဒသမ ၁) ရာခိုင်နှုန်းသည် သံဓာတ်ချို့တဲ့ခြင်းနှင့် (၆၇ ဒသမ ၄) ရာခိုင်နှုန်းသည် ဗီတာမင်ဘီ ဝမ်းချို့တဲ့ခြင်းရှိနေမှု၊ အသက် (၁၅) နှစ်မှ (၅၀) နှစ်အောက် အမျိုးသမီးများ၏ (၃၀ ဒသမ ၃) ရာခိုင်နှုန်းသည် သွေးအားနည်းခြင်း၊ (၂၈ ဒသမ ၅) ရာခိုင်နှုန်းသည် ဖောလိတ်ဓာတ်ချို့တဲ့ လျက်ရှိခြင်းနှင့် (၆၅ ဒသမ ၄) ရာခိုင်နှုန်းသည် ဆားစားသုံးမှုများနေမှု၊ အသက် (၁၅) နှစ်မှ (၅၀) နှစ်အောက် အမျိုး သားများ၏ (၅၇ ဒသမ ၈) ရာခိုင်နှုန်းသည် ဆားစားသုံးမှုများနေမှု စသည့် အချက် များအား တွေ့ရှိခဲ့ပါကြောင်း။

အထက်ပါတွေ့ရှိချက်များသည် ပိုမိုကောင်းမွန်အောင် ပြုပြင်၍ရသော လုပ်ငန်းများဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနသည် စစ်တမ်းကောက်ယူပြီးသည်မှ စ၍ အာဟာရဖွံ့ဖြိုးမှု လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် လုပ်ကိုင်လျက်ရှိသဖြင့် ယခုအခါ၌ ဖော်ပြပါ ကိန်းဂဏန်းများထက် ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိနေမည်ဟု မိမိယုံကြည်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးမှု အားနည်းသည့် မိခင်မှ မွေးဖွားလာသော ကလေးငယ်တွင်လည်း အာဟာရပြဿနာများဖြစ်ပွားမည်ဖြစ်ပါကြောင်း၊ အိုင်အိုဒင်းဓာတ် သည် ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် အထူးအရေးကြီးသည့် ဓာတ်ဖြစ်ပါကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့သည့် ကလေးငယ်များတွင် ဉာဏ်ရည်ဖွံ့ဖြိုးမှု နိမ့်ကျကာ ပညာသင်ကြားမှု ခက်ခဲမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးအပ်ခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးလုပ်ငန်းများ စသည့် ကဏ္ဍများတွင်ပါ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း။

အလားတူ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများက အာဟာရဖွံ့ဖြိုးမှု၏ အရေးကြီးပုံများနှင့် အစားအစာများ၏ အာဟာရတန်ဖိုးများဆိုင်ရာ အသိပညာဗဟုသုတများကြွယ်ဝကာ အာဟာရမျှတသည့် အစားအစာများကို ရွေးချယ်စားသောက်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို Mobile Tablet များအသုံးပြု၍ အခြေခံကျန်းမာရေး ပညာရှင်များက အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အာဟာရမျှတသည့် အစားအစာများကို ရွေးချယ်စားသောက်နိုင်ရန်အတွက် ဒေသထွက် အစားအစာများ ပိုမိုဖူလုံပေါများစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသည် များကိုလည်း ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းနေအရွယ် ကလေးလူငယ်များတွင် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာများ ကြွယ်ဝစေရန် သာမက အာဟာရမျှတသော အစားအစာများကို လက်လှမ်းမီရယူ စားသုံးနိုင်ရန်အတွက် ကျောင်းမုန့် ဈေးတန်းများတွင် အာဟာရမရှိသည့် မုန့်ပဲသရေစာများ၊ ဘေးအန္တရာယ်မကင်းသည့် စားသောက်ကုန်များ ရောင်းချခြင်းမရှိစေရန် ဝိုင်းဝန်း ဆောင်ရွက်နေမှုများအားလည်း ဆက်လက် အရှိန်အဟုန်မြှင့်ဆောင်ရွက်စေလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာဗဟုသုတများ ကိုယ်တိုင်ကြွယ်ဝနိုင်ရန် မိမိတို့ဝန်ကြီး ဌာနမှ ထုတ်ထားသော စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှု၍  ကျောင်းသား၊ ကျောင်းသူ များထံသို့ ပြန်လည်ဝေမျှပြောကြားကြရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် (၂၀၁၃) ခုနှစ်၊ မေလတွင် ကမ္ဘာ့အာဟာရမြှင့်တင်ရေး လှုပ်ရှားမှုများ Global Scaling Up Nutrition (SUN) Movement ၌ အဖွဲ့ဝင်နိုင်ငံအနေဖြင့် လက်မှတ် ရေးထိုးပါဝင်ခဲ့ပါကြောင်း၊ (SUN) Movement တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့်ဆက်စပ်ဝန်ကြီးဌာနများပါဝင်သော SUN Government Network၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ ပါဝင်သော SUN UN Network ၊ အလှူရှင် အဖွဲ့အစည်းများ ပါဝင်သော SUN Donor Network နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်သည့် SUN Civil Society Alliance (SUN CSA) Network ကွန်ရက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အဆိုပါ Network အသီးသီးမှ လုပ်ငန်းဆောင်ရွက်ချက်များအား အပြန်အလှန်သိရှိအားဖြည့် ဆောင်ရွက်နိုင် ရန်အတွက် တာဝန်ယူချိတ်ဆက် ဆောင်ရွက်မည့်သူများအား သတ်သတ်မှတ်မှတ် တာဝန်ပေး ကာ ဆောင်ရွက်စေလိုပါကြောင်း၊ ယခင် အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ အကောင် အထည်ဖော်နေမှု၊ ပြီးစီးမှု၊ အားနည်းချက်စသည်တို့ကို အကဲဖြတ်ဆန်းစစ်ခြင်းကိုလည်း အကဲဖြတ်ဆန်းစစ်မှု စနစ်တစ်ရပ်ဖော်ထုတ်ကာ ဆောင်ရွက်သွားစေလိုပါကြောင်း။

အလားတူ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အာဟာရဖွံ့ဖြိုးမှုအခြေအနေများကို စစ်တမ်းငယ်များ ကောက်ယူကာ ယခင်ကောက်ယူခဲ့သည့် စစ်တမ်းများမှ တွေ့ရှိချက်များနှင့် နှိုင်းယှဉ်ကာ တိုးတက်မှုအခြေအနေများကို ဆန်းစစ်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ကိုယ်ခန္ဓာ နှင့် ဦးနှောက်ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ကာ ကျန်းမာရေးကောင်းမွန်ပြီး ပညာရည် ထက်မြက်ကာ အားကစားထူးချွန်သည့် အနာဂတ် နိုင်ငံသူ၊ နိုင်ငံသားများ ပိုမိုများပြားလာ စေရန်အတွက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးလုပ်ငန်းများအား အမျိုးသားရေး အသွင်ဖြင့် ဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီ၊ အဖွဲ့ဝင်ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားရာတွင် "ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (၂၀၁၈/၁၉-၂၀၂၂/၂၃) (MS-NPAN)" တွင် မျှော်မှန်းရလဒ် (၁၆)ချက်နှင့် လုပ်ငန်းစဉ် (၇၁)ရပ် ပါဝင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းရလဒ် (၃)ချက်နှင့် လုပ်ငန်းစဉ် (၂၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ အဆိုပါမျှော်မှန်း ရလဒ် (၃)ချက်မှာ (က) အမယ်စုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ (ခ) ဝင်ငွေ တိုးတက်ရရှိစေခြင်းမှတဆင့် လူနေမှုဘဝ အဆင့်အတန်းများ မြင့်မား လာစေရေး၊ (ဂ) ဘေးကင်းလုံခြုံသော အစားအစာများနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးတို့ကို ဆောင်ရွက်နေပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ငါးနှစ်စီမံကိန်း ကနဦးကာလတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများ၏ Tools and Methodology များအား သတ်မှတ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီးတွင် Pilot Testing ပြုလုပ်မည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လတွင် ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအစည်း အဝေးမှ ဦးစားပေးဆောင်ရွက်မည့် မြို့နယ် (၁၁)မြို့နယ်ကို သတ်မှတ်နိုင်ခဲ့ပြီး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဝန်ကြီးဌာနရှိ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြပါကြောင်း၊ အဆိုပါအစည်းအဝေးမှာ ငါးနှစ်စီမံကိန်း (MS-NPAN) ၏ လုပ်ငန်းစဉ်(၂၄)အနက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရွေးချယ်သတ်မှတ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ငါးနှစ်စီမံကိန်း (MS-NPAN) အကောင် အထည်ဖော်ဆောင်ရွက်ရန် ရန်ပုံငွေလိုအပ်ချက်ကို တွက်ချက်နိုင်ရေး "MS-NPAN Costing Methodology" အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဌာနအသီးသီး၏ Activities နှင့် Sub-activities များကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ MS-NPAN Activities/ Sub-activities များအလိုက် Costing တွက်ချက်၍ MS-NPAN Core Team သို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ပြန်လည်ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ် စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာဟာရကဏ္ဍပြုပြင် ပြောင်းလဲ ရေးဆိုင်ရာ အစီအစဉ် (Nutrition Sector Reform Contract: NSRC) အရ ဥရောပသမဂ္ဂသည် Budget Support Program ဖြင့် ယူရို(၇၀)သန်းနှင့် Complementary Measure အတွက် ယူရို (၄၂) သန်း၊ စုစုပေါင်း ယူရို (၁၁၂)သန်း ထောက်ပံ့ပေးမည်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan (CERP)) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနသည် CERP (၂.၁.၇) နှင့် တိုက်ရိုက်သက်ဆိုင်ပြီး (၂.၁.၇-ခ) ရောင်းအား ကျဆင်း၍ ဝင်ငွေမရှိသော (သို့မဟုတ်) ပုံမှန်ပြည်ပငွေလွှဲများ မရရှိတော့သည့် အသေး စားတောင်သူလယ်သမားများ အနေဖြင့် မိုးရာသီစိုက်ပျိုးချိန်အမီလိုအပ်သည့် စိုက်ပျိုးရေး သွင်းအားစုများ ဝယ်ယူနိုင်ရန် ငွေကြေး (သို့မဟုတ်) ချေးငွေများ ထောက်ပံ့ပေးခြင်း (Cash or Lending) နှင့် (၂.၁.၇-ဃ) ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ထူထောင် နိုင်ရေးအတွက် ကျေးလက်ဒေသအတွင်း Cash or work အစီအစဉ်များ၊ ဝင်ငွေရရှိမည့် အလုပ်အကိုင်များ ဖန်တီးပေးခြင်းအတွက် (၉၂ ဒသမ ၆၁)ကျပ် ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။

မိခင်နှင့် ကလေးငယ်များ အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ မြင့်တက်ခြင်း ကြောင့်ဖြစ်ပြီး နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေ နိုင်သည့်အပြင် နိုင်ငံ၏ GDP (၁၁) ရာခိုင်နှုန်းခန့်ကိုပါ ထိခိုက်နိုင်ပါကြောင်း၊ အာဟာရ ပြည့်ဝရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိလာ သည့် အကျိုးကျေးဇူးများသည် ရင်းနှီးမြှုပ်နှံမှု၏ (၁၆)ဆ ဖြစ်လာနိုင်ပါကြောင်း ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော် မတီ၊ အဖွဲ့ဝင်ဖြစ်သူ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အိုင်အိုဒင်းအာဟာရဓာတ်ချို့တဲ့မှုကြောင့် လည်ပင်းကြီး ရောဂါများဖြစ်ပွားခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များတွင် ဉာဏ်ရည်နိမ့်ကျသော ကလေးမွေးဖွားခြင်း စသည့် ဆိုးကျိုးများဖြစ်ပွားနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကဆားကြိတ်စက် များနှင့် ပူးပေါင်းကာ (၁၉၉၁) ခုနှစ်မှ စ၍ ဆားများတွင် အိုင်အိုဒင်းအာဟာရ ဖြည့်စွက် ရန်အတွက် ပိုတက်ဆီယမ်အိုင်အိုဒိတ်ဆေးရည် ဖြန်းဖြည့်စွက်ခြင်းများ စတင်ဆောင်ရွက်ခဲ့ ပါကြောင်း။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ နေလှန်းဆားကြမ်းများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် UNICEF တို့မှ ကျွမ်းကျင်ပညာရှင်များ၏ သတ်မှတ် ချက်အရ ဆားတွင် အိုင်အိုဒင်းအာဟာရဓာတ်ပါဝင်မှုမှာ ဆားထုတ်လုပ်မှု စက်ရုံ အဆင့်တွင် (၄၀-၆၀) ppm ၊ လက်ကားသိုလှောင်ရုံအဆင့်တွင် (၃၀) ppm နှင့်အထက်၊ လက်လီရောင်းချမှု အဆင့်တွင် (၁၅) ppm နှင့်အထက်၊ စားသုံးသူအဆင့်တွင် (၁၅) ppm ရှိရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ (၂၀၁၉) ခုနှစ်တွင် ဝယ်ယူထားသော ပိုတက်ဆီယမ် အိုင်အိုဒိတ် (၂၅၀) ကီလို ဂရမ်ပုံး (၈၀၀) သည် (၂၀၂၀-၂၁) ခုဘဏ္ဍာရေးနှစ် အတွင်းထုတ်လုပ်သည့် အိုင်အိုဒင်းဆား ချောများအတွက် လုံလောက်မှုရှိပါကြောင်း၊ ပုဂ္ဂလိကဆားကြိတ်စက်များမှ ဆားတွင် အိုင်အိုဒင်းအာဟာရဓာတ်ပါဝင်မှု အခြေအနေများကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းများအား သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲမှ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်းတွင် မထုတ်လုပ်နိုင်သည့် Iodized Refined Salt ကို စားသုံးသူများနှင့် စားသောက်ကုန်လုပ်ငန်း များအတွက် ပြည်ပမှ တင်သွင်းမှုအနေဖြင့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း (၁၆,၅၀၃) တန် တင်သွင်းရန် ထောက်ခံချက် ထုတ်ပေးခဲ့ပြီး တင်သွင်းခွင့်ပြုခဲ့သော ဆားများတွင် အိုင်အိုဒင်းဓာတ် (၃၀) ppm နှင့် အထက်ပါဝင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော် မတီ၊ အဖွဲ့ဝင်ဖြစ်သူ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှာ စကားပြောကြားရာတွင် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးသည် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်အရေးကြီးပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals) ရရှိအောင်မြင်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေရရှိစေရေးနှင့် ပညာတတ်မြောက်မှုတို့သည် အပြန်အလှန် ဆက်စပ်မှုရှိနေပါကြောင်း၊ အာဟာရကောင်းစွာ ဖွံ့ဖြိုးသောကလေးများသည် ပညာကို ကောင်းစွာသင်ယူနိုင်ပါကြောင်း၊ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဓာကျန်းမာရေး မကောင်း သူ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းသူများအနေဖြင့် ပညာသင်ယူရာတွင် အခက်အခဲများ ကြုံ တွေ့ရမည်ဖြစ်ပါကြောင်း၊ ပညာတတ်မြောက်ရုံသာမက ကိုယ်ချင်းစာနာစိတ်၊ကူညီဖေးမ တတ်စိတ်၊ အကောင်းမြင်စိတ်နှင့် သဘောထားပြည့်ဝသူများ ဖြစ်လာစေရေးအတွက် ပညာ ရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေး လျက်ရှိပါကြောင်း၊ တတ်မြောက်ထားသော ပညာစွမ်းရည်ကို ကောင်းစွာအသုံးချကာ အရည်အသွေးရှိသော ဝန်ဆောင်မှုများ ပေးအပ်နိုင်သည့် အနာဂတ် နိုင်ငံသား၊ နိုင်ငံသူကောင်းများဖြစ်လာ စေရေး အတွက် အာဟာရဖွံ့ဖြိုးမှုကောင်းစွာဖြင့် ကိုယ်နှင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှု ကောင်းမွန်ရန် အရေးကြီးပါကြောင်း၊ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ထားသော ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင်လည်း အပါအဝင် ဖြစ်ပါကြောင်း။

ပြည်နယ်များနှင့် အာဟာရဖွံ့ဖြိုးမှုအားနည်းသော တိုင်းဒေသကြီးများတွင် အာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေး လုပ်ငန်းများကို ဦးဆောင်ကော်မတီဝင် ဝန်ကြီးဌာနများ၊ နှီးနွှယ်ဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာမှ အတွေ့အကြုံများကိုလည်း မြန်မာနိုင်ငံ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၏ အခြေအနေများနှင့် လိုက်လျောညီထွေ စွာဖြင့် အသုံးချဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံအာဟာရဖွံဖြိုးမှု မြင့်တင်ရေး လုပ်ငန်းများကို ယခုထက် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကောင်းစွာဖြင့် ညီညွတ်စု စည်းကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော် မတီ၊ အဖွဲ့ဝင်ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများသည် ရေရှည် လုပ်ငန်းများဖြစ်ပြီး တိုင်းပြည်တိုးတက် ရေးအတွက် အလွန်အရေးပါသောကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဝန်ကြီးဌာနများကို ပူးပေါင်းဆောင်ရွက်စေခဲ့ပါကြောင်း၊ အာဟာရ ပြဿနာသည် ကျန်းမာရေးပြဿနာ တစ်ခုတည်းမဟုတ်ဘဲ လူမှုရေးပြဿနာ၊ စီးပွားရေး ပြဿနာ၊ အမျိုးသားရေးပြဿနာတစ်ရပ်အထိ ဖြစ်ပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာန (၅)ခု ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဆောင်ရွက်ချက်များသည် ပိုမိုထိရောက်ရန် လိုအပ် ပြီး ကြားခံဖြစ်သည့် လူမှုအဖွဲ့အစည်းများ၏အားသည် အလွန်အရေးပါလှပါကြောင်း။

မိမိတို့ဝန်ကြီးဌာနတွင် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းအတွက် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်(၈)ရပ်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ် (၈)ရပ် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်(၂)ရပ်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအတွက် ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်နှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်တို့ဖြစ်ပါကြောင်း၊ အဆိုပါ MCCT အစီအစဉ် ဖြင့် လူဘဝအစရက် (၁,၀၀၀) အတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် များ ပြည့်မီ၍ ကလေးသူနယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ငွေကြေးထောက်ပံ့ရာတွင် အာဟာရပြည့်ဝသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသောက်စေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်း များကိုပါ တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းကြိုနှင့် ကလေးပြုစုစောင့် ရှောက်ရေးဌာနများတွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း (school feeding) အစီအစဉ်ဖြင့် ကလေးငယ်များ အာဟာရပြည့်ဝစေရေးနှင့် ကောင်းမွန်သောအာဟာရဆိုင်ရာ အလေ့အထကောင်းများ ရရှိသွားစေရေးအတွက်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဟာရ (၃) ပါး ဖြစ်သည့် ကိုယ်ဝန်ဆောင်အာဟာရ၊ မီးနေသည်အာဟာရ၊ နို့တိုက်မိခင် အာဟာရသည် အလွန်ပင်အရေးကြီးသည့်အတွက် ပညာပေးလုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်မှ သည် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူခြင်း တိုးတက်လာစေရေး၊ မိခင်သေဆုံးမှု၊ ကလေးသေ ဆုံးမှုကျဆင်းစေရေးအတွက် အထောက်အကူဖြစ်ပါကြောင်း၊ ထောက်ပံ့ရာတွင် တိုင်းရင်းသားဒေသများကို အဓိကထား ထောက်ပံ့နေပါကြောင်း။

အဓိကရည်ရွယ်သည်မှာ ပုညှက်ခြင်းဆိုသည့် အာဟာရပြဿနာကို ရည်ရွယ်ဆောင်ရွက် နေပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင်လည်း ပြည်သူများ၏ လိုအပ်ချက်ကိုလည်း ရှာဖွေ၍ ထပ်ဆောင်းလိုအပ်ချက်များကိုလည်း ပံ့ပိုးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှလည်း အရေးပေါ်အခြေအနေကြုံ တွေ့ရသည့်ဒေသများတွင် ရိက္ခာ ထောက်ပံ့မှု အစီအစဉ်များကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ဆောင်ချက်များကို နိုင်ငံတော်အစိုးရမှလည်း အထူးအလေးထားပါကြောင်း၊ (၂၀၂၀)ခုနှစ်၊ ဧပြီလတွင် အတည်ပြု ခဲ့သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်တွင်လည်း လူမှုရေး ဆိုင်ရာ ထောက်ပံ့မှုများကို ဖြတ်တောက်မည်မဟုတ်ကြောင်း ဖော်ပြပါရှိသည့်အတွက် ဆောင်ရွက်ဆဲ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော် အစိုးရ၏ ဆက်သွားမည့်လမ်းစဉ်များတွင်လည်း အာဟာရဖွံ့ဖြိုးတိုးတက်ရေး ကို စီမံကိန်း ချမှတ်ဆောင်ရွက်မည်ဟု ဖော်ပြပါရှိပြီးဖြစ်ပါကြောင်း၊ ယခုလက်ရှိ ငါးနှစ် စီမံကိန်းကို ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ် (၇) ခုသည်လည်း မိမိတို့ဝန်ကြီးဌာနမှ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုက်ညီမှုရှိသဖြင့် ဆက်လက် ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပိုမို ထိရောက်စေရေးအတွက် ကြီးကြပ်ခြင်းနှင့် ဆန်းစစ်အကဲဖြတ် ခြင်း တို့တွင်လည်း ပူးပေါင်းပါဝင်သွားမည်ဖြစ်ပါကြောင်း၊ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရေးအတွက် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအာဟာရဖွံဖြိုးမှုမြင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအပြီး ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး (အာဟာရ) ဒေါက်တာ လွင်မာလှိုင် က ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်၊ Unicef ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်၊ USAID မှ LIFT Fund ဘုတ်အဖွဲ့ဝင်နှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ပြီး ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ချမှတ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော် မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ် အမှာစကား ပြောကြား ရာတွင် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အိုင်အိုဒင်း ချို့တဲ့ မှု နှင့် အစာအာဟာရကြောင့် သွေးအားနည်းခြင်းများ လျော့နည်းပပျောက်စေရေးနှင့် ဆား စားသုံးမှုများနေခြင်းများ လျော့နည်းစေရေးတို့ကို ဦးစားပေးဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လက်တွေ့မြေပြင်တွင် အမှန်တကယ်ဆောင် ရွက်နိုင်သည့် လုပ်ငန်းစဉ်များကိုသာ မြေပြင်အခြေအနေနှင့်ကိုက်ညီစွာ ချမှတ်ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများ၊ နှီးနွှယ်ဝန်ကြီးဌာနများရှိ ဆက်စပ် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အကြံပေး ပညာရှင်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်