မြန်မာ့မီးရထားမှ ပဲခူး - ရန်ကုန် RBE ရထားနှင့် ရန်ကုန်-ရေး ရထားပြေးဆွဲမည်

ရန်ကုန် ၅ ဇူလိုင်

 

မြန်မာ့မီးရထားမှ ပဲခူး - ရန်ကုန် ပြေးဆွဲနေသော RBE ရထားကို ဇူလိုင် ၆ ရက်နေ့မှ စတင်၍ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားအမှတ် ၇ တိုင်းရန်ကုန်မှ သိရသည်။

 

အမှတ် ၁၄ အစုန် RBE ရထားသည် ပဲခူးဘူတာမှ နံနက် ၅ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၈ နာရီ မိနစ် ၄၀ တွင် ရောက်ရှိမည် ဖြစ်သည်။ အမှတ် ၁၃ အဆန် RBE ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၅ နာရီ ၅ မိနစ်တွင် ထွက်ခွာပြီး ပဲခူးဘူတာသို့ ည ၇ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ရန်ကုန် - ပဲခူး လက်မှတ်ခမှာ ခရီးသည်တစ်ဦးလျှင် ၆၀၀ ကျပ်ဖြစ်သည်။

 

ဇွန် ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲသည့် ရန်ကုန်-မော်လမြိုင် အမှတ် ၈၁ အဆန်၊ ၈၂ အစုန် အမြန်ရထားမှာ ဇူလိုင် ၆ ရက်နေ့မှ စတင်၍ ခရီးစဉ် တိုးချဲ့ပြီး ရေးမြို့အထိ ပြေးဆွဲမည်ဖြစ်သည် အမှတ် ၈၁ အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိကာ နံနက် ၇ နာရီတွင် ဆက်လက်ထွက်ခွာပြီး ရေးဘူတာသို့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ တွင် ရောက်ရှိမည်ဖြစ်သည်။

 

အမှတ် ၈၂ အစုန်အမြန်ရထားသည် ရေးဘူတာမှ နေ့လယ် ၂ နာရီ ၄၅ မိနစ် တွင် ထွက်ခွာပြီး မော်လမြိုင်သို့ ည ၈ နာရီ ခွဲတွင် ရောက်ရှိကာ ည ၉ နာရီတွင် ဆက်လက်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နောက်တနေ့နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန်မှ ရေးအထိ ရထားလက်မှတ်ခမှာ အထက်တန်း တစ်စောင်လျှင် ၆၄၅၀ ကျပ်ဖြစ်ပြီး ရိုးရိုးတန်း တစောင်လျှင် ၃၂၅၀ ကျပ်ဖြစ်သည်။

 

သာစည်-ရွှေညောင် လမ်းပိုင်း၌ ပြေးဆွဲနေသည့် အမှတ် ၁၄၁ အဆန်၊ ၁၄၂ အစုန်ရထား နှင့် ဂန့်ဂေါကလေး လမ်းပိုင်း၌ ပြေးဆွဲနေသည့် အမှတ် ၁၃၉၊ အဆန် ၁၄၀ အစုန်ရထားများမှာ ဇူလိုင် ၆ ရက်နေ့မှ စတင်၍ ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။ ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာ ဘူတာများတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

 

အောင်သူရ