မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ပြီးဆုံးမှသာ ပြန်လည်လေ့ကျင့်မည်

မေ ၁၁

 

လေ့ကျင့်မှု ရပ်နားထားသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ပြီးဆုံးမှသာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။
                                 

မတ် ၂၄ ရက်မှစတင်ကာ ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ရပ်နားခဲ့သလို လက်ရွေးစင်အသင်းများ၏ လေ့ကျင့်မှုကိုပါ ရပ်နားခဲ့ခြင်းဖြစ်သည်။ မြန်မာဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများမှာလည်း ရွှေ့ဆိုင်းထားပြီး စက်တင်ဘာမှသာ အစောဆုံး ပြန်လည်ကျင်းပမည်ဖြစ်ရာ လက်ရွေးစင်အသင်းများအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ပြီးဆုံးမည့် ကာလအပေါ် မူတည်၍ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာဘောလုံး အသင်းများသည် ယခုနှစ်အတွင်း အာဆီယံအဆင့် ပြိုင်ပွဲများသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း တစ်သင်းသာ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအပြင် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ လက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ - ၁၆ အမျိုးသားအသင်းနှင့် ယူ - ၁၉ အမျိုးသားအသင်းတို့မှာ စခန်းဝင် လေ့ကျင့်နေသည့် ကာလအတွင်း ရပ်နားခဲ့ရခြင်းဖြစ်ပြီး အချို့အသင်းများမှာမူ လေ့ကျင့်ရန် ပြင်ဆင်နေသည့်ကာလတွင် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်အတွင်း ကျင်းပမည့် ပြိုင်ပွဲကိုးခုအနက် ရှစ်ခုတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား အသင်းအနေဖြင့် လက်ရွေးစင်အသင်း၊ ယူ-၁၉ အသင်း၊ ယူ-၁၆ အသင်း၊ အမျိုးသမီးအသင်းများ အနေဖြင့် လက်ရွေးစင်အသင်း၊ ယူ-၁၈ အသင်းနှင့် ယူ-၁၅ အသင်းတို့အပြင် ဖူဆယ်အသင်းတို့မှာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယူ-၂၁ အမျိုးသားအသင်းမှာမူ ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

မြန်မာဘောလုံးအသင်းများ ယှဉ်ပြိုင်မည့် ပြိုင်ပွဲများကို စက်တင်ဘာမှ ဒီဇင်ဘာအတွင်း ပြန်လည်ကျင်းပရန် စီစဉ်ထားပြီး အမျိုးသားပြိုင်ပွဲအဖြစ် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲအဖြစ် အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်