မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ် ရာဒူလိုဗစ်အား မိတ်ဆက်ပွဲကျင်းပ

၂၃ ဧပြီ

 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မွန်တီနီဂရိုးနိုင်ငံသား ရာဒူလိုဗစ်အား မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

7857

 

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းအား နည်းပြသစ်ရာဒူလိုဗစ်အား ရွေးချယ်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နည်းပြသစ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်အဖြစ် ရာဒူလိုဗစ်ကို ၂၀၁၉ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ လ ၂၀ ကျော် စာချုပ်ချုပ်ဆိုခဲ့ပြီး စက်တင်ဘာတွင် စတင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အတွက် စတင်ပြင်ဆင်ရမည်ဖြစ်ကာ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရန်လည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်နည်းပြ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးနှင့် လမ်းခွဲပြီးကတည်းက နည်းပြသစ် ရှာဖွေခဲ့ပြီး လာရောက်လျှောက်ထားသူ ၅၅ ဦးကို သုံးလကျော် အချိန်ယူလေ့လာကာ အဆင့်ဆင့် ရွေးချယ်မှုပြုလုပ်ကာ ရာဒူလိုဗစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်းနည်းပြချုပ်သစ် ရာဒူလိုဗစ်က''မြန်မာအသင်းနည်းပြချုပ်ဖြစ်လာတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်အနေနဲ့ မြန်မာအသင်းနဲ့ ရင်ဆိုင်ဖူးသလို မြန်မာ့ဘောလုံးအကြောင်းကိုလည်း လေ့လာထားပါတယ်။

 

မြန်မာအသင်းအတွက် နည်းပြခေါ်တဲ့အချိန်မှာ လျှောက်ထားခဲ့သလို ခန့်အပ်ခဲ့ရတဲ့အတွက်လည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမှာပါ။ အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာက မြန်မာအသင်းကို အကောင်းဆုံးအနေအထားရအောင် တည်ဆောက်သွားမှာပါ။ ဘယ်လိုအောင်မြင်မှုရယူပေးမလဲဆိုတာထက် အကောင်းဆုံးအနေအထားတစ်ခုရောက်အောင် တည်ဆောက်သွားမှာပါ။ ဒါပေမဲ့ အချိန်တစ်ခုတော့ လိုပါတယ်။ ကျွန်တော်အနေနဲ့ ကမ္ဘာ့ဖလား၊ အာရှ ဖလားခြေစစ်ပွဲ၊ ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲတို့အတွက် ပြင်ဆင်ရမှာဖြစ်ပြီး ခြေစမ်းပွဲများများကစားပြီး လိုအပ်တာတွေ၊ အားနည်းတာတွေကို ပြင်ဆင်သွားမှာပါ။ ဒါကြောင့် ခြေစမ်းပွဲတွေ များများကစားခွင့်ရဖို့ တောင်းဆိုထားပါတယ်။ ကျွန်တော့်နည်းပြအဖွဲ့ဝင်၊ ကစားသမားတွေ၊ အဖွဲ့ချုပ်က သူတွေ အားလုံးပူးပေါင်းလုပ်ဆောင်ရင် အတိုင်းအတာတစ်ခုထိ တိုးတက်လာမှာပါ''ဟု ပြောကြားခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်