မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်း နိုဝင်ဘာ ၇ ရက်တွင် ခြေစမ်းပွဲကစားမည်

၂၁  အောက်တိုဘာ

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလလယ်တွင် ကစားရမည့် ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် နိုဝင်ဘာ ၇ ရက်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ယင်းခြေစမ်းပွဲကို ညနေ ၅ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာတွင် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အောက်တိုဘာ ၂၂ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး ပဏာမလူစာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကာဂျစ္စတန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး ယခုတစ်ပတ် ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရလဒ်ဆိုးရွားနေသောကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး နီပေါအသင်းနှင့် ခြေစမ်းပွဲမှာ ပထမဆုံးကိုင်တွယ်ခွင့်ရမည့်ပွဲလည်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းသည် ၂၀ဝ၈ ခုနှစ်က ကျင်းပသည့် AFC Challenge Cup ပြိုင်ပွဲတွင် တွေ့ဆုံပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်မှ ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ နှစ်သင်းစလုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်နေသည့်အသင်းများဖြစ်ပြီး နီပေါအသင်းက ပထမအကျော့လေးပွဲစလုံး ကစားထားပြီးဖြစ်ကာ တစ်ပွဲနိုင်၊ သုံးပွဲရှုံး သုံးမှတ်ရထားသည်။

နီပေါအသင်းသည် အိမ်ကွင်းပြင်ဆင်နေမှုကြောင့် ပထမအကျော့ပွဲအားလုံး အဝေးကွင်း ကစားခဲ့ပြီး တရုတ်တိုင်ပေကို အနိုင်ရကာ ကူဝိတ်၊ သြစတြေးလျနှင့် ဂျော်ဒန်တို့ကို ရှုံးနိမ့်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သုံးပွဲစလုံး ရှုံးထားပြီး အမှတ်မရသေးသောကြောင့် နိုဝင်ဘာတွင် ကစားရမည့် အိမ်ကွင်းနှစ်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာဓာတ်ပုံ-စိုးညွန့်