မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းလက်ခံကျင်းပမည့်ကွင်းများ ထုတ်ပြန်

၅ သြဂုတ်


မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် အိမ်ကွင်းလက်ခံကျင်းပမည့်ကွင်းများ အတည်ပြု ထုတ်ပြန်လိုက်ပြီဖြစ်သည်။


မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (စ) ၌ အာရှထိပ်သီးဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့နှင့် ကျရောက်နေပြီး အိမ်ကွင်းလေးပွဲ၊ အဝေးကွင်းလေးပွဲ ကစားရမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အိမ်ကွင်းလေးပွဲအနက် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ နှစ်ပွဲ၊ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ နှစ်ပွဲ ကျင်းပမည်ဖြစ်သည်။ 


မြန်မာ့လက်ရွေးစင်အသင်း၏ အိမ်ကွင်းလေးပွဲအနက် စက်တင်ဘာ ၁၀ ရက်တွင်  ကစားမည့် ဂျပန်အသင်းနှင့်ပွဲ၊ ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် ကစားမည့် ကာဂျစ္စတန်အသင်းနှင့်ပွဲတို့ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် ကစားမည့် တာဂျစ်ကစ္စတန်အသင်းနှင့်ပွဲ၊ နိုဝင်ဘာ ၁၉ ရက်တွင်ကစားမည့် မွန်ဂိုလီးယားအသင်းနှင့်ပွဲတို့ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်းတို့၌ ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၏ နိုင်ငံတကာခြေစမ်းပွဲများ၊ ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲအချို့ကို မန္တလာသီရိကွင်း၌ ကျင်းပဖူးသော်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲကိုမူ ပထမဆုံးကျင်းပခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲကို တစ်ပေါင်းတည်းကျင်းပလျက်ရှိပြီး တတိယအဆင့်ခြေစစ်ပွဲမှသာ သီးခြားစီကျင်းပမည်ဖြစ်သည်။ 


အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲမှစ၍ ခြေစစ်ပွဲကျင်းပသည့်ပုံစံ ပြောင်းလဲခဲ့ပြီး မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို အိမ်ကွင်းပိတ်ပြစ်ဒဏ်ချမှတ်ခံထားရသောကြောင့် လက်ခံကျင်းပခွင့်မရခဲ့ဘဲ ထိုင်းနိုင်ငံ၌ သွားရောက်ကျင်းပခဲ့ရသည်။ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်သည့် မြန်မာနှင့် အိုမန်ပွဲတွင် ပရိသတ်အချို့၏ အလွန်အကြူးအားပေးမှုအချို့ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းခံခဲ့ရသည်။ 


မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲများ စတင်ကစားရမည်ဖြစ်ပြီး စက်တင်ဘာတွင် ကစားမည့်နှစ်ပွဲအတွက် သြဂုတ် ၁၉ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၅ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း ကစားရမည်ဖြစ်ပြီး ယင်းနှစ်ပွဲမတိုင်မီ သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးနိုင်ငံတကာ ပြိုင်ပွဲဖြစ်လာမည်ဖြစ်ပြီး ဇွန် ၁၁ ရက်က စင်ကာပူလက်ရွေးစင်အသင်းနှင့် အဝေးကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင် ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်

 

12