မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာပထမပတ်တွင် ခြေစမ်းပွဲကစားရန် စီစဉ်ထား

၂၀ ဇူလိုင်

 

ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာပထမပတ်တွင် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကာလအတွင်း ခြေစမ်းပွဲကစားရန် စီစဉ်ထားခြင်းဖြစ်ပြီး အာရှဒေသတွင်းအသင်းများကို ဖိတ်ကြားမှုများ ပြုလုပ်ခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၆ ရက်တွင် ဂျော်ဒန်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် သဘောတူညီမှုရထားသော်လည်း မြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရမှသာ အတည်ပြုမည် ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲကာလတွင် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ပွဲသာကစားနိုင်ခြင်းဖြစ်ပြီး ရောဂါအခြေအနေအပေါ် မူတည်၍ နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ပြန်လည်အတည်ပြုမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် နီပေါအသင်းနှင့် ခြေစမ်းပွဲကစားပြီးနောက်ပိုင်း တစ်နှစ်ဝန်းကျင်အကြာမှ ခြေစမ်းပွဲ ပြန်လည်ကစားနိုင်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ခြေစမ်းပွဲ ကစားနိုင်ခြင်းမရှိသလို မတ်လတွင် ကာလတိုသာ လေ့ကျင့်နိုင်ခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများအဖြစ် အောက်တိုဘာ ၈ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်