မြန်မာ့လက်ရွေးစင်အသင်း မတ်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ကစားရမည်

၆ ဇန်နဝါရီ

 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် မတ်လတွင်ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲရှစ်ပွဲယှဉ်ပြိုင်ရမည့်အနက် ငါးပွဲကစားထားသောကြောင့် သုံးပွဲသာ ထပ်မံကစားရတော့မည်ဖြစ်သည်။ ယင်းသုံးပွဲတွင် ကာဂျစ္စတန်နှင့်တစ်ပွဲသာ အိမ်ကွင်းတစ်ပွဲ ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ကစားရ မည်ဖြစ်ပြီး မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် မန္တလာသီရိကွင်းတွင် ကစားရမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ယင်းနှစ်ပွဲအတွက် ကစားသမားရွေးချယ်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဇန်နဝါရီ ၅ ရက်က ကစားခဲ့သည့် ချာရတီဖလားပြိုင်ပွဲကို ကြည့်ရှုခဲ့သလို ဇန်နဝါရီ ၁၀ ရက်တွင် စတင်မည့် MNL အမှတ်ပေးပွဲစဉ်များကိုလည်း လိုက်လံကြည့်ရှုမည်ဖြစ်သည်။

 

အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ စတုတ္ထပတ်တွင် ပြန်လည်ခန့်အပ်ခံခဲ့ရပြီး ၎င်းလက်ထက်တွင် မြန်မာအသင်းသည် သုံးပွဲစလုံး အနိုင်ရထားသည်။ ပထမဆုံးပွဲဖြစ်သည့် နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတွင် သုံးဂိုးပြတ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သုံးပွဲဆက်ရှုံးနိမ့်ထားမှုကိုလည်း ရပ်တန့်ကာ နှစ်ပွဲဆက် ပြန်လည်အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာတွင်ကစားသည့် အိမ်ကွင်းနှစ်ပွဲတွင် တာဂျစ်ကစ္စတန်အသင်းကို လေးဂိုး-သုံးဂိုး၊ မွန်ဂိုလီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရလဒ်ကောင်းရန် ကာဂျစ္စတန်နှင့် အိမ်ကွင်း၊ ဇွန်တွင်ကစားရမည့် တာဂျစ်ကစ္စတန်အသင်းတို့နှင့်ပွဲတွင် ရလဒ်ကောင်းရန် လိုအပ်နေသည်။


မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းနှစ်သင်းနှင့် တစ်မှတ်အကွာတွင် ရှိနေသောကြောင့် ထိပ်တိုက်တွေ့ဆုံသည့်ပွဲများတွင် ရလဒ်ကောင်းမှသာ အခြေအနေကောင်းမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ငါးပွဲကစား ခြောက်မှတ်ရထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်