မြန်မာ့လက်ရွေးစင်အသင်း မန္တလေးမြို့၌ စတင်လေ့ကျင့်

မန္တလေး ၄ နိုဝင်ဘာ

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတို့အတွက် နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှစ၍ မန္တလေးမြို့၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပွဲများကစားရမည့် မန္တလေးမြို့သို့ ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နံနက်ပိုင်းတွင် ထွက်ခွာကာ ညနေပိုင်းတွင် စတင်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ ရက်တွင် ကစားသည့် ကာဂျစ္စတန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြ အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်ကာ အောက်တိုဘာ၂၂ ရက်မှစ၍ ပဏာမကစားသမား ၃၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့သည်။ မြန်မာအသင်းနည်းပြသစ် အန်တွမ်နီဟေးသည် အောက်တိုဘာလကုန်ခါနီးတွင် ကစားသမား ၂၄ ဦး ရွေးချယ်ခဲ့ပြီး ယင်းကစားသမားများအနက် တိုက်စစ်မှူးကျော်ကိုကိုမှာ ဒဏ်ရာပြဿနာကြောင့် ယခုပွဲအားလုံးကို လွဲချော်မည်ဖြစ်ရာ ကျန်ကစားသမား ၂၃ ဦးဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၇ ရက်တွင် နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းသုံးပွဲစလုံးကို အိမ်ကွင်းကစားရမည်ဖြစ်ပြီး မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းတွင်  အဖွဲ့ခေါင်းဆောင်-ဦးခွန်နောင်မြင့်ဝေ၊ နည်းပြချုပ်-အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ-ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးမြင့်ကို၊ ဂိုးနည်းပြ-ဦးစိုင်း မောင်မောင်ဦး၊ ဂိုး-ကျော်ဇင်ထက်၊ကျော်ဇင်ဖြိုး၊ ပြည့်လျှံအောင်၊ နောက်တန်း-ဇော်မင်းထွန်း၊ ငြိမ်းချမ်း၊ ဇော် ရဲထွန်း၊ ပြည့်ဖြိုးဇော်၊ ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ သိန်းသန်းဝင်း၊ အလယ်တန်း-ရန်နိုင်ဦး၊ ဇင်မင်းထွန်းလှိုင်းဘိုဘို၊ ငြိမ်းချမ်းအောင်၊ မျိုးကိုထွန်း၊ တင်ဝင်းအောင်၊ ဆွမ်လမန်၊ မောင်မောင်လွင်၊ သန်းထက်အောင်၊ ရှေ့တန်း-အောင်သူ၊ ဝင်းနိုင်စိုး၊  သန်းပိုင်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ