မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်

၁၀ မတ်

 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ယခုလအတွင်း လေ့ကျင့်မှုပြုလုပ်ရန် ကစားသမား ၂၃ ဦးရွေးချယ်ခဲ့ပြီး လူစာရင်းကို မတ် ၁၀ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

 

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုး-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ နောက်တန်း-ဟိန်းသီဟဇော်၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ငြိမ်းချမ်း (ရှမ်းယူနိုက်တက်)၊ ဇော်ရဲထွန်း၊ ရဲရင့်အောင် (ရတနာပုံ)၊ သိန်းသန်းဝင်း၊ ထိုက်ထိုက်အောင် (ရန်ကုန်)၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ အလယ်တန်း-ဇင်ဖြိုးအောင် (ဇွဲကပင်)၊ မောင်မောင်လွင်၊ မောင်မောင်ဝင်း (ရန်ကုန်)၊ လွင်မိုးအောင် (ဧရာဝတီ)၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း (ရတနာပုံ)၊ ရန်နိုင်ဦး၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်း- အောင်သူ (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်) နှင့် ပြည်မိုး (မကွေး) တို့ ပါဝင်ကြသည်။ 

 

မြန်မာ့လက်ရွေးစင်အသင်း ယခုလအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနှစ်ပွဲမှာ ရွှေ့ဆိုင်းလိုက်ရသော်လည်း နည်းပြချုပ်အန်တွမ်နီဟေးအနေဖြင့် လေ့ကျင့်မှုပြုလုပ်လိုသောကြောင့် မတ် ၁၂ ရက်မှ ၂၁ ရက်အထိ လေ့ကျင့်သွားမည်ဖြစ်သည်။ ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသူများမှာ သက်ဆိုင်ရာကလပ်များနှင့် ပူးတွဲလေ့ကျင့်နေခြင်း၊ ခရီးသွားလာခြင်းများ ခက်ခဲနိုင်သောကြောင့် မရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

 

သို့သော် လက်ရှိကျင်းပနေသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ခြေစွမ်းပြပြီး ဇယားထိပ်ဆုံးသို့ ရောက်ရှိနေသည့် ဟံသာဝတီအသင်းမှ ကစားသမားများမှာ မြန်မာ့လက်ရွေးစင်အသင်းတွင် တစ်ဦးမျှ ရွေးချယ်ခြင်းမခံခဲ့ရကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ၎င်းစတင်ကိုင်တွယ်သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ရွေးချယ်ခဲ့သည့် ကစားသမားအများစုကို ဆက်လက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ် ၂၆ ရက်တွင် ဂျပန်အသင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရန်ရှိသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းကြောင်း မတ် ၉ ရက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်