မြန်မာ့လက်ရွေးစင်အသင်း ကာဂျစ္စတန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်

၃  အောက်တိုဘာ

 

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ ရက်တွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၃) အဖြစ် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရန် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၉ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဒဏ်ရာပြဿနာ ရှိနေသည့် ဟိန်းသီဟဇော်နှင့် မောင်မောင်လွင်တို့ကို ပြန်လည်စေလွှတ်ခဲ့သောကြောင့် ၂၇ ဦးသာ ကျန်ရှိတော့ပြီး တိုက်စစ်မှူး ကျော်ကိုကိုမှာလည်း ဒူးဒဏ်ရာ ရင်ဆိုင်နေရသောကြောင့် ၎င်း၏ ဒဏ်ရာအခြေအနေကိုလည်း စောင့်ကြည့်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်သည် ကာဂျစ္စတန်နှင့်ပွဲအတွက် ကစားသမား ၂၃ ဦးသာ ခေါ်ဆောင်သွားမည်ဖြစ်ပြီး အောက်တိုဘာ ၆ ရက်တွင် ထွက်ခွာမည်ဖြစ်သောကြောင့် ယခုရက်ပိုင်းအတွင်း အပြီးသတ်လူစာရင်း ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ထိုင်းလိဂ်တွင် ကစားနေသူများအနက် အောင်သူနှင့် ဇော်မင်းထွန်းတို့မှာလည်း အောက်တိုဘာ ၃ ရက်က အသင်းနှင့် စတင်ပူးပေါင်းခဲ့ပြီး ရာဒူလိုဗစ်အနေဖြင့် ကာဂျစ္စတန်နှင့်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာအသင်းသည် ကာဂျစ္စတန်နှင့်ပွဲအတွက် စက်တင်ဘာ ၂၅ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး ကာဂျစ္စတန်နှင့်ပွဲမတိုင်မီ ခြေစမ်းပွဲမကစားဘဲ လေ့ကျင့်မှုများသာ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် နိုင်ပွဲမရသေးဘဲ နှစ်ပွဲကစား နှစ်ပွဲစလုံး ရှုံးနိမ့်ထားကာ မွန်ဂိုလီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားပြီး တတိယပွဲအဖြစ် ကာဂျစ္စတန်နှင့် အဝေးကွင်းပွဲ ကစားရခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုး-ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်ဖြိုးအောင် (Southern)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ နောက်တန်း- ဇော်မင်းထွန်း (ချောင်ဘူရီ)၊  ဒေးဗစ်ဒန်း၊ နန္ဒကျော် (ရှမ်း)၊  စိုးမိုးကျော်၊ ဇော်လင်း၊ ကျော်ဇင်လွင် (ဧရာဝတီ)၊  ဇော်ရဲထွန်း (ရတနာပုံ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ အလယ်တန်း-  လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ရန်အောင်ကျော်၊ ငြိမ်းချမ်းအောင် (ရန်ကုန်)၊ လွင်မိုးအောင် (ဧရာဝတီ)၊ ဆွမ်လမန် (ရှမ်း)၊ ကောင်းစည်သူ (Southern)၊ ကြည်လင်း (ဇွဲကပင်)၊ ရှေ့တန်း- ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ ဝင်းနိုင်စိုး (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်)၊ ဒွေးကိုကိုချစ်၊ ဇင်မင်းထွန်း (ရှမ်း) တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်