မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မည်

mdn

၁၅ နိုဝင်ဘာ


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး တစ်ရက်သာနားကာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်ခရီးစဉ်သို့ ခေါ်ဆောင်သွားသည့် ကစားသမား ၂၇ ဦးအနက် ခုနစ်ဦးလျှော့ချကာ ပြန်လည်လေ့ကျင့်မည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် နီးကပ်နေပြီဖြစ်သောကြောင့် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၁၇ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေလက်ရွေးစင်အသင်းနှင့်ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ နောက်ဆုံးခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စက်တင်ဘာလလယ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်မှ ၁၄ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ သွားရောက်လေ့ကျင့်ပြီး ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် တရုတ်ခရီးစဉ်တွင် တရုတ်ကလပ် ကျန်းဆုဆန်းနင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သော်လည်း တရုတ်လူငယ်အသင်းနှင့် ကစားသည့်ခြေစမ်းပွဲနှစ်ပွဲတွင် ပထမပွဲ၌ လေးဂိုး-ဂိုးမရှိ၊ ဒုတိယပွဲ၌ တစ်ဂိုး-ဂိုးမရှိဖြင့် နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးဝင်းသူမိုး၊ နည်းပြချုပ်-ဦဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ ကစားသမားများအဖြစ်  ဂိုး-မေဇင်နွယ်၊ သန္တာဦး၊ မြဖူးငုံ၊ နောက်တန်း-အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ငယ်ငယ်ထွေး၊ ခိုင်သဇင်ဦး၊ ရီရီဦး၊ လဲ့လဲ့လှိုင်၊ မြတ်နိုးခင်၊ နုနု၊ ခင်မိုးဝေ၊ မေသူကျော်၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။

 

ညီမြတ်သော်တာ