မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အာဆီယံပြိုင်ပွဲမတိုင်မီ ဗီယက်နမ်ကလပ်များနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ ကြိုတင်သွားရောက်ကာ ဗီယက်နမ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲအတွက် ဇူလိုင်နောက်ဆုံးပတ်တွင် စတင်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး တရုတ်ဖိတ်ခေါ်ပြိုင်ပွဲ အပြီးတွင် ကစားသမား ၂၂ ဦးဖြင့် ပြန်လည်လေ့ကျင့်လျက်ရှိသည်။ အာဆီယံပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တရုတ်၊ မက္ကဆီကို၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

 

မြန်မာအသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် ချန်လှပ်ခဲ့သည့်ကစားသမားများနှင့် ပြန်လည်ပူးပေါင်းကာ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၅ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ကြိုတင် သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်တွင် ကာရိုဘန်းအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ဆိုင်ဂုံအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစမ်းပွဲများ အပြီးတွင် အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် အုပ်ချုပ်သူ- ဦးကြည်မင်းသိန်း၊ အသင်းအတွင်းရေးမှူး- ဦးအောင်မော်သိန်း၊ နည်းပြချုပ်- ဦးဌေးမြင့်၊ လက်ထောက်နည်းပြ- ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ- ဦးထွန်းထွန်းလတ်၊ ဂိုး- ရန်ပိုင်ဟိန်း၊ ကျော်ထက်အောင် (MIU)၊ ဇွဲပြည့်စုံ (GV Athletic)၊ ကစားသမား- ကိုကိုလွင်၊ ခင်ဇော်လင်း၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ လှိုင်မင်းထွန်း၊  ပြည့်ဖြိုးမောင်-၂၊ ပြည့်ဖြိုးမောင်-၃၊ ကျော်ကျော်ထွန်း၊ စိုင်းပြုံးအောင် (MIU)၊ မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊  နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦး၊ ရဲရင့်ဦး (VUC)၊ ကောင်းချစ်သူ၊ မျိုးသက်အောင် (GV Athletic)၊ ထွဋ်ပြည့်ရှိုန်းနှင့်  သီဟသူ (မြို့မ YTD) တို့ ပါဝင်ကြသည်။

 

သတင်း-ရဲရင့်ရှိုင်း