မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း နည်းပြချုပ်သစ်ကို ဆီးဂိမ်းစ်ပြိုင်ပွဲအထိ စတင်တာဝန်ပေးမည်

မေ ၂၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း နည်းပြချုပ်သစ်အဖြစ် ခန့်အပ်မည့် နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ်ကို ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအထိ စတင်တာဝန်ပေးရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာဖူဆယ်အသင်းနည်းပြချုပ်အြဖစ် ဗစ်တာဟာမန်စ်ကို တာဝန်ပေးရန် မေ ၂၅ ရက်က ပြုလုပ်သည့်အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားမှသာ အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ ၎င်းသည် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံသို့ လာရောက်ရန်မလွယ်ကူနိုင်သောကြောင့် ရောဂါအခြေအနေတည်ငြိမ်သွားမှသာ လာရောက်ပြီး မြန်မာအသင်းအား စတင်တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ ၎င်းကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲအထိ တာဝန်ပေးမည်ဖြစ်ပြီး ဗစ်တာဟာမန်စ်အနေဖြင့် အရှေ့တောင်အာရှဒေသတွင်း၌ အဆင့်မြင့်ဆုံးပြိုင်ပွဲနှစ်ခုဖြစ်သည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲနှင့် ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲတို့ကို ကိုင်တွယ်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ယခုနှစ်တွင် တစ်ခုတည်းသောနိုင်ငံတကာပြိုင်ပွဲအဖြစ် ထိုင်းနိုင်ငံ၌ကျင်းပမည့် ၂၀၂၀ အာဆီယံဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဗစ်တာဟာမန်စ်သည် အရှေ့တောင်အာရှ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ကို ကိုင်တွယ်ခဲ့ဖူးကာ လေးသင်းမြောက်အဖြစ် မြန်မာအသင်းကို ကိုင်တွယ်ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ