မြန်မာ့လက်ရွေးစင် ကစားသမား ဆွမ်လမန်ကို မြောင်ကန်အသင်း သက်တမ်းတိုး

ရန်ကုန် ၂၁ ဇွန်

 

ထိုင်းလိဂ်-၃ ကလပ် မြောင်ကန်ယူနိုက်တက်အသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင် တောင်ပံကစားသမား ဆွမ်လမန်သည် အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

 

ယခုရာသီအစတွင် မြောင်ကန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဆွမ်လမန်ကို ၂၀၂၁ ရာသီကုန်အထိ ဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းလိဂ်-၃ ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် နှစ်ပွဲကစားအပြီးတွင် ရပ်နားထားခြင်းဖြစ်ပြီး ဆွမ်လမန်သည် ယင်းနှစ်ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့သည်။ ထို့ကြောင့် မြောင်ကန်အသင်းသည် ပြိုင်ပွဲများ ပြန်လည်မစတင်မီ ဆွမ်လမန်ကို သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ ဆွမ်လမန်သည် ပြီးခဲ့သည့်ရာသီတွင် ပုံမှန်ခြေစွမ်းရခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရကာ နိုဝင်ဘာလက ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့သလို တာဂျစ်ကစ္စတန်အသင်းအား အနိုင်ရသည့်ပွဲတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

 

ဆွမ်လမန်သည် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများဖြစ်သည့် ချင်းယူနိုက်တက်၊ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့တွင် ကစားခဲ့ဖူးပြီး ရှမ်းယူနိုက်တက် အသင်းနှင့်အတူ အောင်မြင်မှုရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်