မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးနှင့် သက်တမ်းမတိုးဘဲ နည်းပြသစ် ခန့်အပ်မည်

၁ ဇန်နဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုး ကို သက်တမ်းမတိုးဘဲ နည်းပြသစ်တစ်ဦး ခန့်အပ်သွားမည်ဖြစ်သည်။

 

ဦးဝင်းသူမိုးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ဒီဇင်ဘာ ၃၁ ရက်က ကုန်ဆုံးခဲ့ပြီး နည်းစနစ်ကော်မတီသည် စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဦးဝင်းသူမိုးသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ခန့်အပ်ခံရပြီး ၂၀၁၉ အိန္ဒိယဖိတ်ခေါ် Hero Gold Cup ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ကာ ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည်။ ထို့ပြင် ၂၀၂၀ အိုလံပစ်ခြေစစ်ပွဲတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် အောင်မြင်ပြီး တတိယအဆင့်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဦးဝင်းသူမိုးသည် လက်ရှိတွင် ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ရမည့် အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသော်လည်း တစ်ပတ်ကျော်အကြာတွင် နည်းပြချုပ်အဖြစ်မှ လမ်းခွဲခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲမတိုင်မီ နည်းပြသစ်တစ်ဦး အမြန်ဆုံးခန့်အပ်သွားမည်ဖြစ်ပြီး နိုင်ငံခြားသားနည်းပြကို ဦးစားပေးရှာဖွေလျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အောင်မြင်မှုနှင့် ဝေးကွာလာခဲ့ပြီး ချန်ပီယံဆုနှင့် ဝေးကွာလာသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်လာပြီဖြစ်သည်။ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း နိုင်ငံခြားသားနည်းပြနှစ်ဦးအပါအဝင် ပြည်တွင်းနည်းပြအချို့ တာဝန်ယူခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ယခုနောက်ပိုင်းတွင် အရေးပါသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကျင်းပပေးလျက်ရှိသည့်အပြင် လူငယ်ကစားသမားများကို နေရာပေးကာ အသုံးပြုလျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်