မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားကလပ် ခြေစမ်းပွဲ သရေကျ

ရန်ကုန်   မေ   ၂

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် မေ ၁ ရက်က တောင်ကိုရီးယား အမျိုးသမီးကလပ် ဆိုးလ်စီးတီး အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဂိုးပြန်ပေးခဲ့ရသဖြင့် တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ဧပြီ ၂၉ ရက်က တောင်ကိုရီးယား ယူ-၂၀  အသင်းနှင့် ခြေစမ်းကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများပြုလုပ်ခဲ့ပြီး စီနီယာကစား သမားများကို လူငယ်ကစားသမားများဖြင့် ပေါင်းစပ်ကာ ဇူလတ်နဒီ (ဂိုး)၊ ခင်သန်းဝေ၊ ဇွန်ယုယဦး၊ အေးအေးမိုး၊ ခိုင်သဇင်၊ ခင်မိုမိုထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ စန်းသော်သော်၊ လင်းမြင့်မိုရ်၊ ဂျူလိုင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ၁၅ မိနစ်တွင် ခင်မိုမိုထွန်း၏ ဖန်တီးပေးမှုမှတစ်ဆင့် စန်းသော်သော်က သွင်းယူသည်။ ဆိုးလ်စီးတီးအသင်းအတွက် ချေပဂိုးကို ၄၂ မိနစ်တွင်ရရှိသည့် ပယ်နယ်တီမှတစ်ဆင့် ချိုဟာနူးက သွင်းယူသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်မံမသွင်းနိုင်သဖြင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး လင်းမြင့်မိုရ်အစား မြတ်နိုးခင်၊ ခင်သန်းဝေ အစား ခင်မျိုးဝင်း၊ အေးအေးမိုး အစား နန့်ဇူဇူးထက်၊ စန်းသော်သော် အစား ခင်မိုးဝေ၊ ခိုင်သဇင် အစား ဖြူဖြူဝင်း၊ ခင်မာလာထွန်း အစား သင်းသင်းယုတို့ကို လဲလှယ်အသုံးပြုခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် မေ ၃ ရက်တွင် တောင်ကိုရီးယား ယူ-၂၀ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ကစားထားရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-MFF