မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပြည်တွင်းခြေစမ်းခရီးစဉ် ပြီးဆုံး

၄ ဇူလိုင်

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းက ထားဝယ်မြို့၌ တိုင်းအားကစားကွင်း၌ ထားဝယ် Old Star အမျိုးသားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အမာခံကစားသမားများကို စတင်အသုံးပြုသော်လည်း ကစားသမားများ ပြောင်းလဲအသုံးပြုခဲ့ပြီး တိုက်စစ်မှူး ရီရီဦး၏ သွင်းဂိုးများအပါအဝင် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို ၉ မိနစ်တွင် ခင်မိုမိုထွန်း၊ ၁၁၊ ၁၉၊ ၆၂၊ ၇၄ မိနစ်တွင် ရီရီဦးတို့က သွင်းယူခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက်အထိ မြို့နှစ်မြို့တွင် သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲလေးပွဲကစားရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် မော်လမြိုင်မြို့တွင် မွန်ပြည်နယ် Old Star အမျိုးသားအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အား/ကာသိပ္ပံ (မော်လမြိုင်) အမျိုးသားအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။ ထားဝယ်မြို့တွင်မူ တနင်္သာရီတိုင်းဒေသကြီး ယူ-၁၇ လက်ရွေးစင် အမျိုးသားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး နောက်ဆုံးပွဲတွင်  ထားဝယ် Old Star အမျိုးသားအသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင် ၅ ရက်တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း