မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တရုတ်ခြေစမ်းခရီးစဉ်အတွက် ၂၇ ဦးရွေးချယ်

mdn

၂ နိုဝင်ဘာ

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို တရုတ်နိုင်ငံ၌ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် ကစားသမား ၂၇ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
 

တရုတ်ခြေစမ်းခရီးစဉ် သွားရောက်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဒေါ်မာလာဝင်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ ကစား သမားများအဖြစ်  ဂိုး-မေဇင်နွယ်၊ သန္တာဦး၊ မြဖူးငုံ၊ နောက်တန်း-အိရတနာဖြိုး၊ အေးအေးမိုး၊ ဝေဝေအောင်၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မို့မို့ထွန်း၊ သင်းသင်းယု၊ ငယ်ငယ်ထွေး၊ ခိုင်သဇင်ဦး၊ ရီရီဦး၊ လဲ့လဲ့လှိုင်၊ မြတ်နိုးခင်၊ နုနု၊ ခင်မိုးဝေ၊ မေသူကျော်၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။  

 

မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး တရုတ်ကလပ်အသင်းနှင့် တစ်ပွဲ၊ တရုတ်လူငယ်လက်ရွေးစင်အသင်းနှင့် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ခြေစမ်းပွဲများအဖြစ် နိုဝင်ဘာ ၁၀ ရက်တွင် တရုတ် အမျိုးသမီးလိဂ် ချန်ပီယံ ကျန်းစုဆန်နင်းကလပ်အသင်း၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၄ ရက်တွင် တရုတ်လူငယ် လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၈ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး နိုဝင် ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။


 မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စက်တင်ဘာ ၁၆ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်အထိ ပြည်တွင်းခြေစမ်းပွဲ ရှစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရာ ခုနစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာ ၂ ရက်က ကစားသည့် မြန်မာ့လက်ရွေးစင်ဟောင်း အမျိုးသားအသင်းနှင့်ခြေစမ်းပွဲတွင် လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ပြီး တရုတ်ခြေစမ်းခရီးစဉ်ပြီးပါက နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်