မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှစ်ကုန်ပိုင်းတွင် စတင်လေ့ကျင့်ရန် စီစဉ်

ရန်ကုန် ၂၂ ဇူလိုင်

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် နှစ်ကုန်ပိုင်းတွင် စတင်လေ့ကျင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ကိုဗစ်-၁၉ ရောဂါကြောင့် စခန်းဝင်လေ့ကျင့်မှု ရပ်နားထားပြီး လတ်တလော နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်မရှိသေးသောကြောင့် နှစ်ကုန်ပိုင်းမှသာ လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီတွင် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ပြီးကတည်းက လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲပြီးဆုံးမှသာ စတင်လေ့ကျင့်ဖွယ်ရှိနေသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြချုပ်သစ် ဦးတင်မြင့်အောင်သည် အမျိုးသမီးလိဂ်ပွဲစဉ်များကို ကြည့်ရှုကာ ကစားသမားများ ရွေးချယ်ရန် စီစဉ်ထားပြီး ကစားသမား ၃၀ ဝန်းကျင်ဖြင့် စတင်ဖွဲ့စည်းဖွယ်ရှိနေသည်။ လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲတို့အတွက် အဓိကပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရန် မသေချာသေးဘဲ လာမည့်နှစ်တွင် ကျင်းပမည့် ပြိုင်ပွဲများအတွက်သာ အဓိကပြင်ဆင်ရမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဦးဝင်းသူမိုးနေရာတွင် ပြည်တွင်းနည်းပြတစ်ဦးဖြစ်သည့် ဦးတင်မြင့်အောင်ကို တာဝန်ပေးအပ်ခဲ့ပြီး အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲတွင် ယာယီနည်းပြအဖြစ်သာ ဆောင်ရွက်ခဲ့သော်လည်း နှစ်လယ်ပိုင်းတွင် အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်