မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းနေ

ရန်ကုန်၊ ၁၆ ဒီဇင်ဘာ

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲသုံးခုအထိ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အချိန်ယူပြင်ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စခန်းဝင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

မြန်မာအမျိုးသမီးအသင်းသည် သြဂုတ်မှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကစားသမားများအနေဖြင့် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများနှင့် တစ်နှစ်နီးပါး အဆက်ပြတ်နေသည့်အပြင် လေ့ကျင့်မှုများ ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် နည်းပြချုပ် ဦးတင်မြင့်အောင်အနေဖြင့် နှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်ခွင့်ရရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်သည် ပဏာမကစားသမား ၂၅ ဦးဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး နောက်ပိုင်းမှသာ ကစားသမားများ အပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။  အမျိုးသမီးလိဂ်ပြိုင်ပွဲစတင်ကျင်းပပါကလည်း ကစားသမားများ၏ ခြေစွမ်းကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ခြေစွမ်းကောင်းမွန်သည့် ကစားသမားများကို အားဖြည့်ရွေးချယ်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အစောဆုံး သြဂုတ်မှသာ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် နှစ်လယ်ပိုင်းနောက်ပိုင်းမှသာ နိုင်ငံတကာခြေစမ်းပွဲများ စတင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် သြဂုတ်/စက်တင်ဘာတွင် အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ စက်တင်ဘာတွင် အာရှဖလားခြေစစ်ပွဲ၊ နိုဝင်ဘာတွင် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၀ ဖေဖော်ဝါရီတွင် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲ မယှဉ်ပြိုင်ရတော့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်