မြန်မာကလပ်များ ယှဉ်ပြိုင်ခွင့်ရထားသည့် AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုပွဲများ ဇွန်လတွင် ကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ   ၁၂

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၂ ခုနှစ် AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုပွဲစဉ် များကို ဇွန်လအတွင်း ကျင်းပသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီ အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ယခင်က ခြေစစ်ပွဲအဆင့်မှ စတင် ကစားရမည်ဖြစ်သော်လည်း တီမောနှင့် ဘရူနိုင်းကလပ်အသင်းတို့ ကလပ်လိုင်စင်မရရှိသဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရာ ခြေစစ်ပွဲကစားရန်မလိုဘဲ အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ် | သည်။

ထို့ကြောင့် လာမည့် AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်များဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီ အသင်းတို့ အုပ်စုအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စု အဆင့်အပြင် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲလည်း ယှဉ်ပြိုင်ခွင့်ရထားသည်။ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းလိဂ်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ မကျင်းပနိုင်သဖြင့် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ ပြိုင်ပွဲချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ဒုတိယဆုရသည့် ဟံသာဝတီအသင်းတို့ကို ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းနှစ်သင်းသည် ၂၀၂၁ ခုနှစ်က အာရှအဆင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း နုတ်ထွက်ခဲ့သည်။

၂၀၂၂ AFC Cup ပြိုင်ပွဲကို ဇုန်များခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်များသည် အာဆီယံဇုန်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဇုန်ကို အုပ်စုသုံးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုအဆင့်တွင် မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီ၊ ဖိလစ်ပိုင်ကလပ် ကာယာ၊ ဗီယက်နမ် ကလပ် ဗီတယ်လ်၊ မလေးရှားကလပ် ကွာလာလမ်ပူစီးတီးနှင့် ကီဒက်ရှ်၊ စင်ကာပူကလပ် ဟောင်အန် ယူနိုက်တက်နှင့်တမ်ပနိစ်ရိုဗာ၊ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်နှင့် မာကာဆာ၊ ကမ္ဘောဒီးယား ကလပ် ဖနွမ်းပင်ခရောင်း စုစုပေါင်း ၁၁ သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး ကမ္ဘောဒီးယားကလပ် ဗီဆာခါနှင့် လာအိုကလပ် Young Elephants တို့ ခြေစစ်ပွဲယှဉ်ပြိုင်ပြီး အနိုင်ရသည့်အသင်းမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ အာဆီယံဇုန်အုပ်စုပွဲစဉ်များကို ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ၂၀၂၂ AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ကိုညီလေး