မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဥရောပ၌ ကျင်းပမည့် ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်မည်

၂  မတ်

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဥရောပနိုင်ငံများတွင် ကျင်းပမည့် ကြက်တောင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သက်ထားသူဇာသည် အာဖရိကနိုင်ငံများတွင် ပြိုင်ပွဲများယှဉ်ပြိုင်ပြီးနောက် ပေါ်တူဂီ၊ ချက်နှင့် ဆွစ်ဇာလန် နိုင်ငံများတွင် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ယခင်က ပိုလန်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲပျက်ပြယ်သွားသောကြောင့် ခရီးစဉ်အပြောင်း အလဲပြုလုပ်ခဲ့ရပြီး ဆွစ်ဇာလန်ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာကာ ဧပြီလဆန်းတွင်ကျင်းပမည့် ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် ဖင်လန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ 


သက်ထားသူဇာသည် ဖင်လန်ပြိုင်ပွဲအပြီးတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ သက်ထားသူဇာသည် မတ် ၅ ရက်မှ ၈ ရက်အထိ ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ၊ မတ် ၁၂ ရက်မှ ၁၅ ရက်အထိ ချက်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲ၊ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် HSBC BWF World Tour Super 300 ပြိုင်ပွဲ၊ ဧပြီ ၂ ရက်မှ ၅ ရက်အထိ ဖင်လန်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဥရောပနိုင်ငံများအပြီးတွင် စင်ကာပူနိုင်ငံ၌ ဧပြီ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် HSBC BWF World Tour Super 500 ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

 

သက်ထားသူဇာသည် ယူဂန္ဓာနှင့် ကင်ညာနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲများတွင် ချန်ပီယံကာကွယ်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် International Series ပြိုင်ပွဲတွင် ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သော်လည်း ကင်ညာနိုင်ငံ၌ ကျင်းပသည့် Future Series ပြိုင်ပွဲတွင်မူ ချန်ပီယံဆု လက်လွှတ်ခဲ့ရကာ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်