မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ရန် စီစဉ်

မေ ၂၄

 

မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ပြိုင်ပွဲများ ပြန်လည်ကျင်းပတော့မည် ဖြစ်သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ကမ္ဘာကြက်တောင်အဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လမှ ဇူလိုင်အထိ ပြိုင်ပွဲများကျင်းပမှုကို ရပ်နားခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပရန် မေ ၂၂ ရက်က အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကြက်တောင်အဖွဲ့ချုပ်သည် ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် အချို့ပြိုင်ပွဲများကို ဖျက်သိမ်းခဲ့သော်လည်း ပြန်လည်ကျင်းပမည့်ပြိုင်ပွဲမှာ ၁၀ ခုဝန်းကျင်ရှိသလို အချို့ပြိုင်ပွဲများကိုလည်း ရက်ရွှေ့ဆိုင်းထားကာ ပြန်လည်ကျင်းပမည့်ကာလကို ထပ်မံအတည်ပြုမည်ဖြစ်သည်။

 

မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် မတ်လကတည်းက ပြိုင်ပွဲယှဉ်ပြိုင်မှု ရပ်နားထားရပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့်ပြိုင်ပွဲများအပေါ် မူတည်၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲများကို ရွေးချယ်သွားမည်ဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီတွင် ကင်ညာနှင့် ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ဥရောပနိုင်ငံများတွင် ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ရန် ထွက်ခွာခဲ့သော်လည်း ပြိုင်ပွဲများဖျက်သိမ်းမှုကြောင့် ပေါ်တူဂီနှင့် ချက်နိုင်ငံသို့ ရောက်ရှိပြီးမှ မြန်မာနိုင်ငံသို့ ပြန်လာရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းသွားသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က အိုလံပစ်ဝင်ခွင့်အတွက် သတ်မှတ်မည့်စည်းကမ်းအပေါ် မူတည်၍ ပြိုင်ပွဲများယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

သက်ထားသူဇာသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများယှဉ်ပြိုင်ရခြင်း မရှိသော်လည်း လေ့ကျင့်မှုမပြတ်စေရန် တစ်ဦးချင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသလို နည်းပြဖြစ်သူ သူမ၏ဖခင် ဦးထွန်းထွန်းဇော်ကလည်း လေ့ကျင့်ပေးလျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်