မြန်မာ့ခေတ်ဆန်းပန်းချီ နှစ်တစ်ရာ ပြည့်မြောက်ခဲ့ပြီ

ရန်ကုန် ၂၇  ဖေဖော်ဝါရီ

 

ပန်းချီအနုပညာသည် လူသားတစ်ဦးနှင့် တစ်ဦးကြား စိတ်ခံစားမှုကို ဆက်နွယ်ပေးသည့် ပညာရပ်တစ်ခုဖြစ်ပြီး ဖန်တီးသူ အနုပညာရှင်၏ အတွေးအမြင်နှင့် ကျွမ်းကျင်မှု၊ အလှအပနှင့် စိတ်ခံစားမှုစွမ်းအားတို့ အပေါ်မှုတည်ကာ အနုပညာ လက်ရာများသည် ထူးခြားသော သွင်ပြင်လက္ခဏာများ  ဖြစ်လာကြသည်။ ထိုအနုပညာလက်ရာ များသည် နိုင်ငံတစ်နိုင်ငံ၏ အမြင်အာရုံ၊ အကြားအာရုံ အဖြစ်သာမက နိုင်ငံ၏ ယဉ်ကျေးမှုကို ဖော်ညွှန်းသည့် အနုပညာသမိုင်းနှင့် သုခုမဖြန့်ဝေမှုအတွက် အဓိကအခန်းကဏ္ဍ ဖြစ်လာသည်။

 

မြန်မာနိုင်ငံတွင်လည်း သမိုင်းမတင်မီခေတ်မှ စတင်ကာ ထွန်းတောက်ခဲ့သည့် မြန်မာ့ပန်းချီအနုပညာ လက်ရာများသည် ရှေးဟောင်းယဉ်ကျေးမှုများအဖြစ် ယနေ့တိုင် အခိုင်အမာ ရပ်တည်နေသည့်အပြင် ၁၉၁၈  ခုနှစ်မှ စတင်ကာ ပေါ်ထွန်းလာခဲ့သည့် မြန်မာ့ခေတ်ဆန်း ပန်းချီအနုပညာသည်လည်း ၂၀၁၈ ခုနှစ် ဖော်ဖော်ဝါရီလတွင် နှစ် ၁၀ဝ ခရီးသို့ ဆိုက်ရောက်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို)မှ မြန်မာ့ခေတ်ဆန်း ပန်းချီနှစ် (၁၀ဝ) ရာပြည့်ပွဲတော်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ နှင့် ၂၈ ရက်ထိ ရန်ကုန်မြို့ အမျိုးသား ကဇတ်ရုံကြီးတွင် ကျင်းပနေပြီ ဖြစ်သည်။

 

ပွဲတော်ကို ကျင်းပရခြင်းမှာ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်တည်ထောင်ရာတွင် အနုပညာစွမ်းအားဖြင့် ပါဝင်ဆောင်ရွက်ရန်၊ ပန်းချီပန်းပု ပညာရှင်များ စုပေါင်းလက်တွဲ၍ ပညာရှင်များ၏ ဘဝလူနေမှု အဆင့်မြင့်မားပြီး အနုပညာမြောက် လက်ရာများ ပိုမိုဆန်းသစ်စေရန်၊ တိုင်းပြည်နှင့် လူမျိုးအကျိုးပြု လက်ရာမွန်များ ထုတ်ဖော်ထိန်းသိမ်းပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ် ပန်းဆယ်မျိုး ပညာရပ်များကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ  ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ ယဉ်ကျေးမှု ဂုဏ်သိက္ခာများကို ပြည်တွင်းသာမက၊ ပြည်ပနိုင်ငံများ အထိပါ အထူးထင်ရှား ပေါ်လွင်စေမည့် ပွဲတော်တစ်ခု ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပနေခြင်း ဖြစ်သည်ဟု သိရသည်။

 

ယင်းကြောင့်ပင် မြန်မာနိ်ုင်ငံအဝှမ်းမှ ပန်းချီ၊ ပန်းပု ပညာရှင်များ စုပေါင်းပါဝင်ခဲ့ကြပြီး ပွဲတော်ကြီးတွင် ၎င်းတို့၏ ရေဆေး၊ ဆီဆေး၊ အက်ခရိုင်လစ်၊ ခဲပန်းချီ အစရှိသည့် ပန်းချီကား ၁၀ဝ၀ ကျော်ကို လာရောက် ပြသခဲ့ကြသည်။ ကွယ်လွန်သူ ပန်းချီပညာရှင်ကြီးများ၏ အနုပညာ ဖန်တီးမှုလက်ရာများ၊ ကမ္ဘာ့အဆင့်အတန်းမှီ ပညာရှင်ကြီးများ၏ ဖန်တီးမှုလက်ရာများ၊ နိုင်ငံကျော် ပန်းချီ၊ ပန်းပုပညာရှင်များ၏ ဖန်တီးမှုလက်ရာများ၊ မျိုးဆက်သစ် ဝါသနာရှင်များ၏ ဖန်တီးမှုလက်ရာများ စသဖြင့် စုံလင်စွာ ပါဝင်သည်။ ယင်းပြင် အခြားခေတ်ပြိုင်အနုပညာရှင်များ၏ အနုပညာဖျော်ဖြေတင်ဆက်မှုများ၊ နိုင်ငံကျော် ပန်းချီပညာရှင်ကြီးများ၏ ဖြတ်သန်းခဲ့မှု ဘဝအတွေ့အကြုံများ၊ ပန်းချီလက်ရာများ  ပြသခြင်းများနှင့် အတူ ဟောပြောပွဲ အစီအစဉ်များကိုလည်း ထည့်သွင်း ကျင်းပခဲ့သည်။

 

မြန်မာ့ပန်းချီ နိဒါန်းအစကို ဆိုရလျှင် ရှေးဟောင်း ကျောက်ခေတ်ဂူနေလူတို့  ရေးဆွဲ မှတ်တမ်းတင်ခဲ့သော ပန်းချီ လက်ရာများကို ရှာဖွေတွေ့ရှိခဲ့ပြီး မြန်မာပန်းချီ ခရီးစဉ်ကို ခေတ် ၆ ခေတ်ဖြင့် ခွဲခြား သတ်မှတ်ခဲ့ကြသည်။ သမိုင်း မတင်မီနှင့် ပျုခေတ်၊ ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံ မန္တလေးခေတ်နှင့် ၂၀ ရာစုနှစ် မြန်မာ့ပန်းချီခရီးတို့ ဖြစ်သည်။

 

၂၁ ရာစုနှစ် မြန်မာ့ပန်းချီရေစီးကြောင်းကမှု ၂၀ ရာစုခုနှစ် မြန်မာ့ပန်းချီ စတင်ဖွံဖြိုးပြောင်းလဲမှုနှင့် တစ်ဆက်တည်း ဖြစ်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ၁၈၂၆ ခုနှစ်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး မြန်မာပြည်အောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို သိမ်းယူပြီးချိန်မှစ၍ ဥရောပသားတို့နှင့် မြန်မာတို့ ဆက်ဆံမှုများ ရှိလာကာ ဥရောပ ပန်းချီရေးဆွဲ နည်းစနစ်များသည် မြန်မာ့ပန်းချီ လောကအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာခဲ့သည်။ ထိုမှ မြန်မာ့ခေတ်ဆန်းပန်းချီလောက စတင်အသက်ဝင်လာခဲ့သည်။

 

မြန်မာ့ပန်းချီလောကတွင် ဥရောပပန်းချီ ရေးဆွဲနည်းစနစ်ကို မျိုးစေ့ချမြေတောင်မြှောက်ပေးသူများမှာ မြန်မာပြည် ပန်းချီအသင်း (Burma Art Club) ဥက္ကဌ လက်ထောက်မီးရထားမင်းကြီး မစ္စတာ မာတင်ဂျုံးနှင့် တည်ထောင်သူများ ဖြစ်သည့် ရန်ကုန်ကောလိပ်မှ ပါမောက္ခ အီး၊ အင်၊ ဝပ်၊ မော်လမြိုင်မြို့ စိန့်မက်သယူး ကျောင်းအုပ်ကြီး မစ္စတာ အီး၊ ဂျီ အက်ကင့်(ချ်) နှင့် ပန်းချီမိခင် မင်းကြီးကတော် ဒေါ်မြမေတို့ ဖြစ်ကြသည်။

 

၁၉၁၈ ခုနှစ်တွင် ဘိလပ်ပြန် မြန်မာဂုဏ်ဆောင် ပန်းချီဆရာကြီးများဖြစ်သော ဦးဘဉာဏ်နှင့် ဦးဘဇော်၊ ဦးသာထွန်းတို့၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတို့ကြောင့်  မြန်မာပန်းချီ၊ ပန်းပုကောင်စီကို စတင် တည်ထောင်နိုင်ခဲ့သည်။ ထိုကဲ့သို့ တည်ထောင်ခဲ့သည်မှ နှစ် ၁၀ဝ ပြည့်သည်အထိ မြန်မာ့ပန်းချီ၊ ပန်းပု အနုပညာ ရေစီးကြောင်းသည် ပြန်လည်ဆန်းသစ် တီထွင်မှုများစွာဖြင့် လက်ဆင့်ကမ်း ဖွံဖြိုးတိုးတက်ကာ အနုသုခမလက်ရာများသည် နိုင်ငံတကာ ရပ်ဝန်းတွင် ယနေ့တိုင် သိက္ခာရှိစွာ ထိုးဖောက်ရပ်တည်နေဆဲ ဖြစ်သည်။

 

ခင်ဇာလီ

ဓါတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)