မြန်မာဂျူဒိုအဖွဲ့ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူး

၆  ဒီဇင်ဘာ

 

ဆီးဂိမ်းဂျူဒိုပြိုင်ပွဲ တတိယနေ့ကို ဒီဇင်ဘာ ၆ ရက်က ဆက်လက်ကျင်းပရာ မြန်မာဂျူဒိုအဖွဲ့က ငွေတံဆိပ်တစ်ခု ထပ်မံရရှိခဲ့သည်။

 

ပြိုင်ပွဲတတိယနေ့တွင် အတိုက်ပြိုင်ပွဲများကျင်းပခဲ့ပြီး မြန်မာဂျူဒိုအဖွဲ့သည် ကစားသမားလေးဦးဖြင့် ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။ မြန်မာဂျူဒိုအဖွဲ့အတွက် ငွေတံဆိပ်ဆုကို (-၇၈) ကီလိုအမျိုးသမီးပြိုင်ပွဲတွင် အေးအေးအောင်က ရယူခဲ့ပြီး ကျန်ကစားသမားများဖြစ်သည့် ရန်နိုင်စိုး၊ ဇော်လင်းအောင်နှင့် ခင်မျိုးသူတို့မှာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ အေးအေးအောင်သည်  ဆီမီးဖိုင်နယ်တွင် လာအိုကစားသမားကို အနိုင်ရခဲ့သော်လည်း ဗိုလ်လုပွဲတွင် ထိုင်းကစားသမားကို အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ အေးအေးအောင်သည် ဆီးဂိမ်းရွှေဆုကို တစ်ကျော့ပြန်ရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ငွေတံဆိပ်ဖြင့်သာ ထပ်မံကျေနပ်ခဲ့ရသည်။ အမျိုးသား (+၁၀ဝ) ကီလိုတန်းတွင် ဇော်လင်းအောင်၊ (-၁၀ဝ) ကီလိုတန်းတွင် ရန်နိုင်စိုးတို့ ယှဉ်ပြိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်နှင့် တတိယလုပွဲတွင် အရေးနိမ့်ခဲ့သောကြောင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ မြန်မာဂျူဒိုအဖွဲ့သည် တတိယနေ့အပြီးထိ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်။

 

ပြိုင်ပွဲနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၇ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အသင်းလိုက်ပွဲစဉ်များ ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ