မြန်မာ့ဂုဏ်ရည် ဆယ့်နှစ်လရာသီ

မောင်ငြိမ်းသူ(ကြို့ပင်ကောက်)

“ဆရာ တက္ကသိုလ်ဘုန်းနိုင်” ၏ “နှင်းငွေ့တစ်ထောင့် မိုးတစ်မှောင့်” လုံးချင်းဝတ္ထုထဲတွင် ဆရာတက္ကသိုလ်ဘုန်းနိုင်အား နိုင်ငံခြားသား စာပေမိတ်ဆွေတစ်ဦးက “မြန်မာစာပေတွေမှာ သစ်ရွက်ကြွေတာတွေ၊ မြူဆိုင်းတာတွေ၊ ပန်းပွင့်တာတွေကိုတွေ့နေရတယ်”ဟု ပြောပြရာ ဆရာတက္ကသိုလ်ဘုန်းနိုင်က ရသစာပေဖန်တီးမှုဂုဏ်သတ္တိ သုံးမျိုးကို ရှင်းပြပြီး- 

“မြန်မာစာပေမှာ ပန်းပွင့်တာတွေ၊ ပန်းကြွေ၊ သစ်ရွက်ကြွေတာတွေ၊  လေတိုက်မြူဆိုင်းတာတွေ   ရေးသားထားကြတာဟာ မြင်နေကျ မြန်မာ့အလှတွေကို ပိုမိုမြတ်နိုးလာအောင်၊ ခေတ်အဆက်ဆက်က ကိုယ့်မြေရဲ့ အလှသဘာဝတွေကို အစဉ်သိနေ၊ မြတ်နိုးနေကြစေအောင် ရှေးစာဆိုတော်တွေက ရေးသားခဲ့ကြတာပါ၊ အင်္ဂလိပ်စာပေတွေထဲမှာလည်း သူတို့ရဲ့ ရေမြေတောတောင် သဘာဝတွေကို ရေးသားနေကြတာပါပဲ”ဟု ဖြေကြားခဲ့ပါသည်။ 

ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ ဖြေကြားချက်မှာ ထိမိပိုင်နိုင်လှပါပေသည်။ ဂျပန်နိုင်ငံ၏ အမြတ်တနိုး ချယ်ရီပန်းများသည် ဂျပန်နိုင်ငံ၏ပုံရိပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီအလိုက် ရာသီပန်းမျိုးစုံ ဖူးပွင့်နေကြပါသည်။ အလားတူ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးအသီးသီးတွင်လည်း ကိုယ့်နိုင်ငံနှင့်ကိုယ့်လူမျိုး ဓလေ့စရိုက် အလိုက် နှစ်ခြိုက်ဖွယ်ရာ ပုံရိပ်မျိုးစုံရှိနေကြပါသည်။ 
မြန်မာနိုင်ငံတွင်လည်း ခေတ်အဆက်ဆက်မှ  ပုံရိပ်များဖြစ်ကြသော ရိုးရာယဉ်ကျေးမှုထုံးဓလေ့များနှင့် ရာသီပန်း၊ ရာသီပွဲများရှိနေကြ လေရာ       နိုင်ငံနှင့်လူမျိုး  အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းနေကြရပါသည်။
 
ထိုလက်ဆင့်ကမ်းအမွေသည်ကား “မြန်မာ့ဂုဏ်ရည် ဆယ့်နှစ်လရာသီ” ထုံးဓလေ့ယဉ်ကျေးမှုများပင်တည်း။ တစ်နည်းအားဖြင့်ဆိုရလျှင် “မျိုးချစ်စိတ်ကို မြှင့်တင်ပေးနေသည့် ပုံရိပ်များ” ခေတ်အဆက် ဆက် စစ်ချီစစ်တက်စစ်ရေးပြကြပုံများ၊ ဆင်ရေး၊ မြင်းရေး၊ လှံရေး၊ လှေတပ် စသည့်ပြိုင်ပွဲများ၊ ဘာသာရေးအထိမ်းအမှတ်ပွဲများ ပါဝင် နေကြသောကြောင့် “ဇာတိသွေး၊ ဇာတိမာန် ထက်သန်စေသော ပုံရိပ်များ”ဟုပင် ဆိုချင်ပါသည်။ 

ငယ်စဉ်ကျောင်းသားဘဝ ဆယ့်နှစ်လရာသီအကြောင်း စာစီ စာကုံးများ ရေးသားခဲ့စဉ်က အပေါ်ယံသဘောသာနားလည်ပြီး ရေးသားခဲ့မိပါသည်။ စာရေးဆရာပေါက်စဘဝ ရောက်တော့လည်း ဆယ့်နှစ်လ ရာသီဘွဲ့များကို စာသံပေသံနားဝင်ပီယံရှိလှစွာဖြင့် စိတ်ကူးယဉ်ချင် တိုင်းယဉ်ပြီး ရေးသားခဲ့မိပါသည်။ ယခုလို အရွယ်ရ၊ အမြင်ကျယ်၊ အတွေ့အကြုံသင့်တင့်ကြွယ်လာတော့မှ “ဪ.. ဆယ့်နှစ်လရာသီ ဘွဲ့” တွေဟာ “မြန်မာ့ပုံရိပ်၊ မြန်မာ့မျိုးချစ်စိတ်”တွေပါလားဟု တန်ဖိုးထားမြတ်နိုးရကောင်းမှန်း ပို၍ပို၍ နားလည်ခံစားလာမိပါသည်။ 

 “ရာသီမသိ ပန်းနှင့်ညှိ” 

“မဃဒေဝလင်္ကာသစ်”တွင် “လောကီ အလို၊ နက္ခတ်ဂြိုဟ်က၊ ထိုထိုသီးပွင့်၊ ခါမလင့်ဘူး၊ နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်၊ ရာသီမသိ၊ ပန်းနှင့်ညှိသော်၊ ညီဘိကာလ၊ မလွန်ကြရှင့်”ဟု ဖွဲ့ဆိုထားရာ ရာသီအလိုက်ပွင့်သည့်ပန်းများကိုကြည့်၍  အချိန်အခါ ရာသီကို အကဲဖြတ် မှတ်သားထားခဲ့ကြပါသည်။ 

ဤနေရာတွင် “ရာသီ”၏အဓိပ္ပာယ်ကို သိထားသင့်ကြပါသည်။ ရာသီဆိုသည်မှာ    တန်ခူး၊  ကဆုန်  စသော ကာလအပိုင်းအခြား၊ ဆယ့်နှစ်လရာသီ၊ နွေ၊ မိုး၊ ဆောင်းဟူသော ကာလသုံးပါး၊ နှစ်ကာလ အပိုင်းအခြားကို ခေါ်ခြင်းဖြစ်သည်။ 

ရာသီပန်းနှင့်ပတ်သက်၍   လအလိုက်  ဖူးပွင့်လေ့ရှိကြသော ပန်းများမှာ တန်ခူးလတွင်(ကံ့ကော်ပန်း)၊ ကဆုန်လတွင်(စံကား ပန်း)၊ နယုန်လတွင်(စံပယ်ပန်း)၊ ဝါဆိုလတွင်(မုလေးပန်း) (မြတ်လေး ပန်း)၊ ဝါခေါင်လတွင် (ခတ္တာပန်း)၊ တော်သလင်းလတွင်(ရင်းမာပန်း)၊ သီတင်းကျွတ်လတွင်(ကြာပန်း)၊ တန်ဆောင်မုန်းလတွင် (ခဝဲပန်း)၊ နတ်တော်လတွင်(သဇင်ပန်း)၊ ပြာသိုလတွင်(ခွာညိုပန်း)၊ တပို့တွဲလ တွင်(ပေါက်လဲပန်း)၊   တပေါင်းလတွင်(သရဖီပန်း)များ   ဖူးပွင့်ခဲ့ကြသည်။ 

ထို့ကြောင့် စာဆိုတော်တစ်ဦးက “ဆယ့်နှစ်လရာသီပန်း”နှင့် ပတ်သက်၍ “ပန်းကံ့ကော်၊ ရွှေစံကား၊ ငွေသားနု စံပယ်မှန်၊ မုလေး ခတ္တာနှင့်၊ ရွှေရင်းမာကြာခဝဲ၊ ဖွဲစနှင်းလျှံ၊ သဇင်ကျန်၊ ခွာတံပေါက်လဲ၊ ပွင့်ဝတ်မှုံရွှေဖီမင်း၊ သင်းထုံနံ့ကင်း”ဟု ဖွဲ့ဆိုခဲ့သည်။ 

ရာသီပွဲနှင့်ပတ်သက်၍ လအလိုက်ကျင်းပကြလေ့ရှိသည့် ပွဲလမ်း သဘင်များမှာ တန်ခူးလ(သင်္ကြန်− ရေသဘင်ပွဲတော်)၊   ကဆုန်လ (ညောင်ရေသွန်းပွဲတော်)၊ နယုန်လ(စာပြန်ပွဲတော်)၊ ဝါဆိုလ(ဝါဆို ပွဲတော်)(ဝါဆိုသင်္ကန်းကပ်လှူ)(ပဉ္စင်းခံပွဲ) (အာဇာနည်နေ့ ဇူလိုင်လ ၁၉ ရက်) (ဓမ္မစကြာအခါတော်နေ့)၊ ဝါခေါင်လ(စာရေးတံမဲ)(မေတ္တာ အခါတော်နေ့)၊     တော်သလင်းလ(လှေပြိုင်ပွဲ) (ဂရုဓမ္မမြတ်သီလ အခါတော်နေ့)၊ သီတင်းကျွတ်လ(ဝါကျွတ်ပွဲတော်) (အဘိဓမ္မာအခါ တော်နေ့)၊ တန်ဆောင်မုန်းလ (တန်ဆောင်တိုင်ပွဲတော်) (ကထိန်ပွဲ တော်) (သာမညဖလအခါတော်နေ့) (အမျိုးသားနေ့-လဆုတ် ၁၀ ရက်)၊   နတ်တော်လ(နတ်ပူဇော်လ)(စာဆိုတော်လ)၊   ပြာသိုလ (မြင်းခင်းပွဲတော်)(လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက်)၊ တပို့တွဲလ (ထမနဲပွဲ) (ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်)၊   တပေါင်းလ (တပေါင်းပွဲတော်) (သဲပုံစေတီ) (တပ်မတော်နေ့ မတ်လ ၂၇ ရက်) စသည်ဖြင့် လအလိုက်ကျင်းပခဲ့ကြပါသည်။ 

ထို့ကြောင့် “သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပုလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ် ကျင်း၊ မြင်းခင်းထွက်ဝင်း၊ သဘင်မီးဖုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ ယှဉ်သား၊ လစဉ်အမြဲ၊ ဆယ့်နှစ်ပွဲ”ဟု  ရာသီပွဲဘွဲ့ကို   “လက်ဝဲသုန္ဒရ အမတ်ကြီး”က စပ်ဆိုခဲ့ပါသည်။ 

“ဖိုးသူတော်ဦးမင်း”၏     “ဆယ့်နှစ်လရာသီဘွဲ့များ”တွင် လအလိုက်ပွင့်သည့် ပန်း၊ ကျင်းပသည့် ပွဲတော်၊ လအလိုက်ဖြစ်ပေါ်သည့် ကြယ်၊ တာရာ၊ ရာသီရုပ်များကို ဖွဲ့ဆိုထားပါသည်။ 
ဆယ့်နှစ်လရာသီတွင်ပါဝင်သော လအလိုက် မှတ်သားဖွယ်ရာ များစွာထဲတွင် တစ်လချင်းစီ၏ ဖြစ်ပေါ်ခေါ်ဝေါ်ပုံ၊ ရှေးအစဉ်အလာ ကျောက်စာများတွင် ရေးထိုးခဲ့ကြပုံများအပြင်၊ ကြယ်၊ တာရာ၊ နက္ခတ်၊ ဂြိုဟ်၊ ရာသီရုပ်များလည်း ပါဝင်ကြပါသည်။ အထူးသဖြင့်  လူငယ် လူရွယ်အချို့ ယေဘုယျသာသိထားကြသော “ကြယ်၊ တာရာ၊ နက္ခတ်၊ ဂြိုဟ်၊ ရာသီရုပ်” များ၏ လိုရင်းအဓိပ္ပာယ်အချုပ်ကို ဖော်ပြပေးလိုပါ သည်။ ကြယ်= ညအခါ ကောင်းကင်တွင် အလင်းရောင်အပွင့်ကလေး အဖြစ် မြင်ရသောအရာ။ တာရာ= ကောင်းကင်ကြယ်။  နက္ခတ်= ကြယ်တာရာအစု၊ နက္ခတ် ၂၇ လုံးရှိ။ ဂြိုဟ်= လူတို့၏ကံကြမ္မာကို ဖော်ညွှန်းနိုင်သည်ဆိုသော ကောင်းကင်ကြယ်(ဗေဒင်အလို)။ ရာသီ ရုပ်= ဆယ့်နှစ်လရာသီတွင် ရာသီအလိုက် အမှတ်အသားပြုထားသော အရုပ် စသည်တို့သည်  လအလိုက်ဖြစ်ပေါ်နေကြသည့်  လက္ခဏာ အမှတ်အသားများဖြစ်ကြပါသည်။    ထို့ကြောင့်  ဆယ့်နှစ်လရာသီ ဆောင်းပါးများ၊ တေးကဗျာများ၊ ဘွဲ့ရတုများတွင် အမြဲတမ်းပါဝင်လေ့ ရှိကြပါသည်။
 
သာဓကအဖြစ် လအလိုက် “ရာသီအမည်နှင့်နက္ခတ်”ကို ဖော်ပြရ လျှင် တန်ခူးလ (မိဿရာသီနှင့် စိတြနက္ခတ်)၊ ကဆုန်လ (ပြိဿနှင့် ဝိသာခါ)၊ နယုန်လ(မေထုန်နှင့် ဇေဋ္ဌ)၊ ဝါဆိုလ(ကရကဋ်နှင့် ပြုဗ္ဗာ သာဠ်)၊  ဝါခေါင်လ(သိဟ်နှင့် သရဝဏ်)၊ တော်သလင်းလ(ကန်နှင့် ပြုဗ္ဗဘဒြပိုဒ်)၊ သီတင်းကျွတ်လ(တူနှင့် အသဝနီ)၊ တန်ဆောင်မုန်း လ(ဗြိစ္ဆာနှင့် ကြတ္တိကာ)၊  နတ်တော်လ(ဓနုနှင့် မိဂသီ)၊  ပြာသိုလ (မကရနှင့် ဖုသျှ)၊ တပို့တွဲလ(ကုံနှင့် မာဃ)၊ တပေါင်းလ(မိန်နှင့် ဥတ္တရ ဖလဂုနီ) စသည်တို့ဖြစ်ကြသည်။ 

လစဉ်ဖြစ်ပေါ်သော ယှဉ်တာရာ၊ ရာသီရုပ်၊ လပြည့်သန်းခေါင် နတ်ပေါင်းခပင်၊  ရက်ရာဇာ၊  ပြဿဒါးနှင့်  ခေတ်ပေါ်အထိမ်းအမှတ် ပွဲတော်များ”လည်း ရှိကြပါသည်။ 

“ဥတုသုံးပါး ရတုခြောက်ဖြာ” 

“မိုးဆောင်းနွေလ၊ သုံးပါးအစု၊ ရတုခြောက်လီ၊ ရာသီပိုင်းဖြတ်၊ ဆယ့်နှစ်ရပ်တွင်”ဟု “ဦးတိုးက ရာမရကန်”တွင် ဖွဲ့ဆိုထားပါသည်။ “ဥတု”ဆိုသည်မှာ တစ်နှစ်ကို သုံးပိုင်းပိုင်းခြား၍ လေးလစီသတ်မှတ် သည့် နွေ၊ မိုး၊ ဆောင်းဟူသောကာလ၊ လေမိုးစသော သဘာဝအခြေ အနေကို ခေါ်ဆိုခြင်းဖြစ်သည်။ “ရတု”ဆိုသည်မှာ ဥတုသုံးပါးထဲမှ (နွေဦး၊ နွေနှောင်း) (မိုးဦး၊ မိုးနှောင်း) (ဆောင်းဦး၊ ဆောင်းနှောင်း)တည်းဟူသော အပိုင်းခြောက်ပိုင်းကို ရတုခြောက်ပါးဟု ဖွင့်ဆိုထားပါ သည်။ ထို့ပြင်ဆိုင်ရာ ရာသီဥတု၌ ကျင်းပသော ပွဲသဘင်နှင့် လေးလုံး တစ်ပိုဒ်ရေးဖွဲ့သော ကဗျာတစ်မျိုးကိုလည်း “ရတု”ဟု ခေါ်ပါသည်။ 

“ဥတုသုံးပါးမှာ” 

* ဂိမှာန    -     နွေဥတု    -     တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန် 

* ဝဿာန    -    မိုးဥတု    -    ဝါဆို၊     ဝါခေါင်၊     တော်သလင်း၊ သီတင်းကျွတ်

* ဟေမန္တ    -    ဆောင်းဥတု    -    တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ 

 “ရတုခြောက်ဖြာမှာ” 

* ဥတုသုံးပါးအစဉ်အတိုင်း နှစ်လစီတွဲထားခြင်းဖြစ်သည်။ 

၁။ တပေါင်း၊ တန်ခူး    -    ဝသန္တရတု 

၂။ ကဆုန်၊ နယုန်    -    ဂိမှရတု 

၃။ ဝါဆို၊ ဝါခေါင်    -    ဝဿာနရတု 

၄။ တော်သလင်း၊ သီတင်းကျွတ်    -    သရဒရတု 

၅။ တန်ဆောင်မုန်း၊ နတ်တော်    -    ဟေမန္တရတု

၆။ ပြာသို၊ တပို့တွဲ    -    သိသိရရတု 

ကမ္ဘာသည် ၂၃ ၁/၂ ဒီဂရီတိမ်းစောင်းလျက် နေကို တစ်နှစ်လျှင် တစ်ပတ်လည်ပတ်နေရသောကြောင့် (အီကွေတာနှင့်) အီကွေတာ၏ မြောက်ဘက်တွင် ဥတ္တရယဉ်စွန်းတန်း၊ အီကွေတာ၏တောင်ဘက် တွင် ဒက္ခိဏယဉ်စွန်းတန်းတို့ ရှိနေကြသည်ဟု သတ်မှတ်ထားသည်။ 

ဥတ္တရယဉ်စွန်းတန်းပေါ်သို့ နေရောက်သည့်အခါ ကမ္ဘာ့မြောက် ဘက်ခြမ်းသည် နွေဥတု၊ တောင်ဘက်ခြမ်းသည် ဆောင်းဥတုဖြစ်ပေါ် လေ့ရှိသည်။ ဒက္ခိဏယဉ်စွန်းတန်းပေါ်သို့   နေရောက်ပါက  ကမ္ဘာ့ တောင်ဘက်ခြမ်းသည် နွေဥတု၊ မြောက်ဘက်ခြမ်း (မြန်မာနိုင်ငံအပါ အဝင်)သည် ဆောင်းဥတုဖြစ်ပေါ်လာလေ့ရှိသည်ဟု ပထဝီဝင်သဘော အရ မှတ်တမ်းပြုထားကြပါသည်။
 
ရတုခြောက်ဖြာနှင့်ပတ်သက်၍ “ဆရာကြီး ဆရာမင်းသုဝဏ်” က- 
ဝါဆို၊ ဝါခေါင် ဝဿန၊ အနောက်တောင်က မိုးသက်ကျ၊ 
တော်သလင်း၊ သီတင်းကျွတ်သရဒ၊ ယင်းမာကတောက် ကြာပန်းလှ၊ 

တန်ဆောင်မုန်း၊  နတ်တော်ဟေမန္တ၊    မြောက်လေပြန်၍ ဆီးနှင်းကျ၊ 

ပြာသို၊ တပို့တွဲ သိသိရ၊ ခွာညိုပေါက်လဲ ဖူးပွင့်ကြ၊ 

တပေါင်း၊ တန်ခူးဝသန္တ၊ ဥသြတွန်၍တောင်လေကျ၊ 

ကဆုန်၊ နယုန် ဂိမ္မာန်န၊ မိုးခြိမ်းသံနှင့် လျှပ်ရောင်ပြ၊ 

ရတုခြောက်ပါး၊ ဆယ့်နှစ်လ၊ အခါလည်က၊ ပြန်၍စ။ 

ဟူ၍ အမှတ်ရလွယ်အောင်  စပ်ဆိုခဲ့ပါသည်။   ထိုရတု  ခြောက်ဖြာ ကိုပင် ရှေးစာဆိုတော်တစ်ဦးက ပိုဒ်စုံရတု စပ်ဆိုထားပါသေးသည်။ 
လ၊ ဥတု၊ ရတုများ၏အစမှာ နေ့ရက်များဖြစ်ကြပါသည်။ မြန်မာ မှန်လျှင် မြန်မာနေ့နာမ်၊ ဂြိုဟ်သက်များကို အကြမ်းဖျင်းမျှ သိထား သင့်ကြပါသည်။ စာရေးသူတို့ကလေးဘဝက ဘုန်းတော်ကြီးကျောင်း များတွင် လောကီလောကုတ္တရာစာပေများကို သင်ကြားခွင့်ရခဲ့ကြသဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအခြေခံ၊ နေ့နာမ် သင့်၊ မသင့် ချင့်ချိန်တွက်ချက် နည်းများ၊ မိတ်ဖက်နှင့် ရန်ဘက်ရွေးချယ်နည်းများ၊ နာမည်ပေးနည်း များကို သင်ကြားခွင့်ရခဲ့ကြသောကြောင့် အချို့ဗေဒင်ပညာအခြေခံ ကိုပင် တတ်ကျွမ်းခဲ့ကြပါသည်။

 “နေ့အလိုက် ဂြိုဟ်သက်စိုးမိုးမှုနှင့် တိရစ္ဆာန်အမည်” 

၁။ တနင်္ဂနွေ“ဂဠုန်”၊ အရှေ့မြောက်ကြုံ၊    =    ဂြိုဟ်သက် (၆) နှစ် 
     နေတုံခြောက်နှစ်မျှ။ (အ၊ အိ၊ ဩော၊ ဥ၊ ဧ)      

၂။ တနင်္လာ “ကျား” ၊ တစ်ဆယ့်ငါး၊    =    ဂြိုဟ်သက် (၁၅) နှစ်

     နေ့ငြားရှေ့ရပ်က။ (က၊ ခ၊ ဂ၊ ဃ၊ င)

၃။ အင်္ဂါ “ခြင်္သေ့” ၊ ရှေ့တောင်ကွေ့၊    =    ဂြိုဟ်သက် (၈) နှစ် 
     မရွေ့ရှစ်နှစ်မျှ။ (စ၊ ဆ၊ ဇ၊ ဈ၊ ည) 

၄။ ဗုဒ္ဓဟူး “ဆင်” ၊ တောင်ရပ်ခွင်    =    ဂြိုဟ်သက် (၁၇) နှစ် 
     နေလျှင်ဆယ့်ခုနစ်။ (ယ၊ ရ၊ လ၊ ဝ) 

၅။ ကြာသပတေး“ကြွက်”မျိုး၊ တစ်ဆယ့်ကိုး    =    ဂြိုဟ်သက်(၁၉) နှစ် 

     နေရိုးအနောက်ဘက်။ (ပ၊ ဖ၊ ဗ၊ ဘ၊ မ)

၆။ သောကြာမှာ “ပူး” ၊ မြောက်စူးစူး၊    =    ဂြိုဟ်သက် (၂၁) နှစ် 
     တစ်ကြူးနှစ်ဆယ်သာ။ (သ၊ ဟ)     
    
၇။ စနေ “နဂါး” ၊ နောက်တောင်ပါး    =    ဂြိုဟ်သက် (၁၀) နှစ် 

     နေငြားဆယ်နှစ်ရ။ (တ၊ ထ၊ ဒ၊ ဓ၊ န) 

၈။ ရာဟု“ဟိုင်းဆင်” ၊ နောက်မြောက်ကြို    =    ဂြိုဟ်သက် (၁၂) နှစ် 

     နေလိုဒွါဒသ။ 

နေ့ရက်များကိုတွက်ချက်ပြီး   လများကို  ရက်သတ်မှတ်ရာ၌ “တန်ခူးရက်မစုံ(၂၉)၊ ကဆုန်ရက်စုံ (၃၀)၊ နယုန်ရက်မစုံ(၂၉)၊ ဝါဆို ရက်စုံ(၃၀) စသည်ဖြင့် တစ်လရက်(၃၀) (၂၉)ရက် ရှိသည်ကိုလည်း ကဗျာသံပေါက်များဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ကြပါသည်။ “တန်ခူး ဧပြီစလို့၊ ကဆုန်လ မေခေါ်၊ နယုန်လ ဇွန်တစ်ဖော်၊ ညွှန်တနော် မမှား၊ ဝါဆိုလ ဇူလိုင်ဖြာသည်၊ ဝါခေါင်မှာ သြဂုတ်လို့ထား၊ တော်သလင်း စက်တင်ဘာ၊ ဖက်ယှဉ်ကာမမှား၊ သီတင်းကျွတ်အခါများမှာတော့၊ ဘာသာစကား အောက်တိုဘာ၊ နိုဝင်ဘာတန်ဆောင်လ၊ မရှောင်ကြ မှတ်ပါသေချာ၊ နတ်တော်လ ဒီဇင်ဘာ၊ စီစဉ်ကာ ဆိုအပ်လို့၊ ပြာသိုလ ဇန်နဝါရီ၊ တေးစပ်လို့သီ၊ တွဲတပို့ ဖေဖော်ဝါရီ၊ တပေါင်းဆို မတ်လတဲ့ လေး”အစရှိသည်ဖြင့် မြန်မာလနှင့် အင်္ဂလိပ်လကိုလည်း တွဲ၍မှတ်မိ စေရန် ရွတ်ဆိုစေခဲ့ကြပါသည်။ 

“ဆယ့်နှစ်လရာသီမိုးလင်္ကာ” 

မူလစာဆိုရှင်ကို မသိရသော်လည်း မုံရွေးဇေတဝန်ဆရာတော်၏ မှတ်စုတွင် ဆယ့်နှစ်လရာသီ မိုးလင်္ကာကို ဖော်ပြထားရာ တန်ဖိုးရှိလှပါ သည်။ 

၁။    တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။ 

၂။    ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့ ။ 

၃။    နယုန်မိုးသေး၊ မြက်သားမွေး။ 

၄။    ဝါဆိုလပြောင်း၊ မိချောင်းဖွေးဖွေး၊ မိုးအေးအေး။ 

၅။    ဝါခေါင်တစ်ကြောင်း၊   ထနောင်းကြောင်ကျစ်၊   ဆူးရစ်ပွင့်ခါ၊ မိုးမရွာ။ 

၆။    တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ။ 

၇။    သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး။ 

၈။    တန်ဆောင်မုန်းတွင်၊ ဆီးနှင်းတစ်ဖြိုက်၊ မိုးတစ်လိုက်။ 

၉။    နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။ 

၁၀။    ပြာသိုချမ်းပြင်း၊    မိုးညှင်းညှင်း၊  ဆီးနှင်းရောယှက်၊   နှမ်းပုံ ပျက်။ 

၁၁။    တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း။ 

၁၂။    တပေါင်းလည်းကူး၊ မိုးသားကျူး။ 

“မိုးရွာခြင်းငါးမျိုး” 

မိုးရွာခြင်းငါးမျိုးရှိရာ   (၁) ပျဉ်ထောင်မိုး (ထောင်ထားသော ပျဉ်ထောင်ပေါ်မှ ဒလဟောစီးဆင်းသကဲ့သို့ ပြင်းထန်စွာရွာသောမိုး၊ (၂) ရှောက်ရွာမိုး (ရှောက်သီးလုံးခန့်ရှိသော မိုးသီးကြီးများ ပါဝင်သော မိုး(မိုးသီးမိုး)၊ (၃) ဆင်ရာတိမ်မိုး (အုံ့ဆိုင်းပြီး မရွာဘဲ တိမ်တွေသာ မည်း၍ဆင်လာသောမိုး   (ဆင်ခြေရာ မြင်းခြေရာများ    တိမ်ကော ပျောက်ကွယ်သွားစေသည့်မိုး)၊ (၄) တပြက်မိုး(ချောင်း၊ မြောင်းတို့ လျှံတက်အောင် ခဏလေးရွာသောမိုး၊ မိနစ်အနည်းငယ်သာ ဝေါခနဲ ရွာချသော မိုး၊ မိုးပြေး၊ မကြာရှည်)နှင့် ၅။ ကန်ဆင်းမိုး (တော်သလင်းမိုး၊ ကန်သင်းကျိုး) ဟူ၍ဖြစ်သည်။ 

“ရှေးခေတ်မိုးလေဝသခန့်မှန်းချက်” 

 “ဗုဒ္ဓဟူး၊ စနေ ဆန်းတုံစေမူ၊ တောင်လေသုတ်ဖြူး၊ တဟူးဟူးနှင့်၊ မိုးဦးလည်းခေါင်၊ မိုးလယ်ရှောင်ကွင်း၊ မိုးနှောင်းဖျင်း အံ့” ဟူသော စာဆိုအရ နှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဟူး၊ စနေနေ့ဖြစ်လျှင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်းသုံးပါးစလုံး မိုးခေါင်မည်ဟု ခန့်မှန်းခဲ့ကြသည်။ ယခုအခါမှာတော့ ရာသီဥတုဖောက်ပြန်နေသောကြောင့် ထိုခန့်မှန်း ချက်မှာ မမှန်တော့ပေ။ 

အချို့က “စောင်းဆရာနှင့် ယားနာပွေးကွက်၊ ပါဒရက်က၊ ပရွက် ပလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး”ဟု မိုးလေဝသဗေဒင်တွက်ချက်ကြလေ့ ရှိပါသည်။ “စောင်းဆရာ”၏ စောင်းကြိုးအလျော့အတင်း၊ “ပွေး၊ ဝဲ၊  ယားနာ” စသည့်ရောဂါရှင်သုံးဦး၏  ရောဂါအထ၊   “ဒူလာရောဂါ၊ ပါဒရက်ရောဂါ၊ အနာကြီးရောဂါသည်” များ၏  ရောဂါအနေအထား များ၊ “ပုရွက်ဆိတ်နှင့် ပလူကောင်များ” တွင်းအောင်းနေကြရာမှ အဝင်အထွက် စသည်တို့ကိုကြည့်ကာ  မိုးလေဝသခန့်မှန်းခဲ့ကြပါ သည်။ 

အချို့ကလည်း ကြက်တွန်သံ၊ ကျီးကန်းအသိုက်၊ ပုစွန်တွင်း၊ ဗီလုံးငှက်တို့၏ အလေ့အထများကိုကြည့်ကာ မိုးလေဝသခန့်မှန်းခဲ့ကြ ပါသည်။ သင်္ကြန်ကျသည့်နေ့တွင် ရှားပင်ကို ဓားဖြင့် တစ်ထစ်စီထစ်ပြီး စီးကျသည့် အရည်အထွက်အနည်းအများကိုကြည့်ကာ မိုးဦးကောင်း၊ မကောင်း ခန့်မှန်းခဲ့ကြသည်။ 

ဆယ့်နှစ်လရာသီနှင့်ပတ်သက်၍ ရှေးစာဆိုတော်ကြီးများက ကဗျာ၊ သံပေါက်၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ပျို့၊ ရတု၊ လွမ်းချင်း၊ အဲချင်း၊ စည်တော်သံ၊ လေးဆစ် စသည်ဖြင့် စာပေမျိုးစုံနှင့် မှတ်တမ်း တင်ပြီး လက်ဆင့်ကမ်းမျှဝေပေးခဲ့ကြပါသည်။ 

နှောင်းခေတ်တွင် သက်ကြီးစာပေပညာရှင်များနှင့် မျိုးဆက်သစ် စာပေလောကသားများကလည်း ထိုအစဉ်အလာကောင်းကို ဆက်လက် ထိန်းကျောင်းမြှင့်တင်ပေးနေကြပါသည်။ သို့မှသာ ဇာတိသွေး ဇာတိ မာန် ထက်သန်ပြီး မျိုးချစ်စိတ်များပြန့်ပွားကာ နိုင်ငံနှင့်လူမျိုးလည်း ဖွံ့ဖြိုးတိုးတက်ခိုင်မြဲတည်တံ့နေမည်ဖြစ်ပါသည်။ 

ထို့ပြင် စူဠဝါ-ပါဠိတော်လာ “လစဉ်အခါအလိုက်၊ ရာသီ၊ နက္ခတ်၊ ကြယ်နှင့်တာရာ၊ ဂြိုဟ်သနင်းများ အဖို့တို့ကို သင်ယူကြကုန်လော့။ လေ့လာကြကုန်လော့။ မှတ်သားကြကုန်လော့။ ပွားများ ကြကုန်လော့။ သင်မှသိ၊ သိမှကျင့်၊ ကျင့်မှရမည် မှတ်ကြလော့”ဟု ညွှန်းဆိုမှုကို အစဉ်သတိပြုကြစေချင်ပါသည်။       ။

ကျမ်းကိုး-
    ဆရာလှသမိန်၏ ဆယ့်နှစ်ရာသီဖွဲ့ပေါင်းချုပ်။ 
    ဒဂုန်ဦးစန်းငွေ၏ ကဗျာကပေးသော ဗဟုသုတများ။ 
    ပြည်ရွှေထွန်း၏ မြန်မာလများနှင့်စပ်လျဉ်း၍။