မြန်မာဂီတပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ဂီတပညာရှင်များပူးပေါင်းဖျော်ဖြေပွဲ ရန်ကုန်မြို့၌ကျင်းပ

ရန်ကုန် ၉ ဖေဖော်ဝါရီ  

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန် နိုင်ငံမှ Mr. YUNOSUKE YAMAMOTO (Conductor & Composer) ဦးဆောင်သော ဂီတအနုပညာရှင်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် Myanmar National Symphony Orchestra Concerts 2018 ဖျော်ဖြေပွဲကို ယနေ့ ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည်။

 

အဆိုပါဖျော်ဖြေပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး ဒေါ်ခင်မိမိကြွယ်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟံထူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဂီတပညာရှင်များနှင့် ဂျပန်နိုင်ငံမှ ဂီတ ပညာရှင်များက Bizet Carmen Suite No.1  Les Toreadors ၊ Beethoven Symphony No.4 ၊ Tchaikovsky Piano Concerto No.1 (excerpt)၊ Brahms Hungarian dance No.5 and No.1၊ Mozart Ave Verum Corpus၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊ မဟာ၊ Beauty and the Beast၊  Despacito နှင့် မန်းတောင်ရိပ်ခိုသီချင်းများကို ပူးပေါင်းဖျော်ဖြေတင်ဆက်ကြသည်။

 

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဂျပန်ဂီတစာဆို တီးဝိုင်းအဖွဲ့ ခေါင်းဆောင် Mr. YUNOSUKE YAMAMOTO အားလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. TATESHI HIGUCHI က ဂျပန်စန္ဒရားဆရာမ Ms. KYOKO KOYAMA အား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟံထူးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော် သံစုံတီးဝိုင်းအဖွဲ့အား လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ကဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က သံပြိုင်သီဆိုအဖွဲ့အား လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဂျပန်ယဉ်ကျေးမှု အဖွဲ့အား လည်းကောင်း၊ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က မြန်မာယဉ်ကျေးမှုအကအဖွဲ့အား လည်းကောင်း ဂုဏ်ပြုပန်းစည်းနှင့် ပန်းခြင်းများကို အသီးသီး ပေးအပ်ကြပြီး ဖျော်ဖြေ တင်ဆက်ကြသည့် အနုပညာရှင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)