မြန်မာစကားသမိုင်းအတွက်  (၂၀)

မောင်ခင်မင်(ဓနုဖြူ)

"အသံတူ ကာရန်ယူတဲ့ က ဗျာဖွဲ့ပုံစနစ်ကို အထောက်အထားပြုပြီး အသံထွက်ပုံကို အတည် ပြုနိုင်တဲ့ နောက်က တစ်မျိုးကို ကြည့်ကြရအောင်။

 

“ဟုတ်ကဲ့ပါဆရာ”

 

“ပထမအနေနဲ့ ထပ်မေးချင်တာရှိတယ်။ ကဗျာမှာ ကာရန်ယူတယ်ဆိုတာ ဘာကိုဆိုလို တာလဲ။ ရှင်းပြစမ်းပါ”

 

“ဟုတ်ကဲ့၊ အဆုံးသရသံချင်း အသံတူအောင် ဖွဲ့တာကို ကာရန်ယူတယ်လို့ဆိုလိုတာပါဆရာ"

 

“ဒါဆိုရင် ကာရန်ယူတယ်ဆိုတာ အဆုံး သရသံမတူလို့ မဖြစ်ဘူးပေါ့။ ဟုတ်လား"

 

“ဟုတ်ပါတယ်ဆရာ။ တစ်ပိုဒ်နဲ့တစ်ပိုဒ် အဆုံးသရသံချင်းတူအောင် မဖွဲ့ရင် ကာရန်မမိဘူး ကာရန်လွတ်နေတယ်၊ ကာရန်ချော်နေတယ်လို့ သတ်မှတ်ပါတယ်ဆရာ”

 

ဒီလိုဆိုရင် ကာရန်တူအောင် တစ်နည်း ပြောရရင် အဆုံးသရသံတူအောင် ဖွဲ့ရတာဟာကဗျာဖွဲ့ရာမှာ မလွဲမသွေလိုက်နာရတဲ့စနစ်ပေါ့။ဟုတ်လား”

 

“ဟုတ်ပါတယ်ဆရာ။ ဟုတ်ပါတယ်"

 

“ဒီသဘောတရားကို စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားနော်။ ကဲ ... သာဓကတစ်ခုပြမယ်။ ကိုးခန်းပျို့ထဲက အဖွဲ့ တစ်ခုပေါ့။ ရဟန်းကျင့်ဝတ်၊တစ်ပါးတတ်က၊ လူနတ်ဦးခိုက်’ တဲ့။ အဲဒီ အဖွဲ့မှာကာရန်ယူထားတဲ့ စာလုံးတွေကို ထုတ်ပြ စမ်းပါကွယ်” ။

 

“ ‘ဝတ်တတ်-နတ်’ ဆိုတဲ့စာလုံးသုံးလုံးကိုကာရန်ယူထားပါတယ်ဆရာ”

 

“ဟုတ်ပါပြီ။ နောက်သာကတစ်ခုပြမယ်။ နတ်ရှင်နောင်ရဲ့ ရတုတစ်ပုဒ်ထဲမှာ ‘ဆင့်ချခွေသွန်၊ ရက်မချန်တည့်၊ ယုဂန်အလုံး’  တဲ့။ ကာရန်ယူတဲ့ စာလုံးတွေက ဘယ်စာလုံးတွေလဲကွယ်"

 

“ ‘သွန်-ချန်-ဂန်’ ပါဆရာ”

 

“ဟုတ်ပါပြီ။ အဲဒီအဖွဲ့နှစ်ခုမှာ တစ်ခုက တ-သတ်ကာရန်၊ တစ်ခုက-သတ်ကာရန်ယူထား တယ်နော်၊ အသတ်တူကာရန် ယူထားတာမဟုတ် လား။ ဒါအတွက် ပြောစရာမရှိပါဘူး၊ အဲ..ကာရန် ယူရာမှာ အသံနဲ့ပတ်သက်လို့ ဘာများပြောစရာ တွေ့မိသလဲကွယ်။ အေးအေးဆေးဆေးကြည့်ပြီး ပြောကြည့်စမ်းပါ”

 

“ဟုတ်ကဲ့...ကိုးခန်းပျို့ အဖွဲ့မှာ ‘ရဟန်း ကျင့်ဝတ်၊ တစ်ပါးတတ်က၊ လူနတ်ဦးခိုက်’ လို့ ဖွဲ့ထားတာ ‘ဝတ်-တတ်-နတ်” ဆိုပြီး တသတ် ကာရန်သုံးချက်ယူထားတာ ‘တတ်’ နဲ့ ‘နတ်’ က အတ်’ ကာရန်တူပေမယ့် ‘ဝတ်’က ‘အွတ်” ကာရန် ဖြစ်နေလို့ အသံကွဲနေပါတယ်ဆရာ”

 

“နတ်ရှင်နောင်ရတုမှာတော့ ‘ဆင့်ချခွေသွန်၊ ရက်မချန်တည့်၊ ယုဂန်အလုံး’ ဆိုပြီး သွန်-ချန်-ဂန် လို့ ကာရန်သုံးချက် ယူထားတာ “ချန်’ နဲ့ ‘ဂန်’ က ‘ အန်’ ကာရန်တူပေမယ့် “သွန်’ က ‘အွန်” ကာရန်ဖြစ်နေလို့ အသံမတူပါဘူးဆရာ”

 

“ဟုတ်ပါပြီ။ ပညာရှင်တချို့က အဲဒီလို အသတ်တူပေမယ့် အသံမတူတဲ့ ကာရန်ပါနေတာကို အမြင် ကာရန်၊ မျက်စိကာရန်လို့ နာမည်ပေး ကြတယ်ကွဲ။ အမြင်တူတယ်ပေါ့။ အသံတော့ ကွဲတယ်ပေါ့”

 

“ဟုတ်ကဲ့ပါ”

 

“ကဲ...ဒီလိုဆိုရင် စောစောကမင်းတို့ကို ဆရာမှတ်ခိုင်းထားတဲ့ ကဗျာဖွဲ့နည်း သဘောတရားကို ပြန်ကောက်ရအောင်။ ဘာတဲ့လဲ”

 

“တစ်ပိုဒ်နဲ့တစ်ပိုဒ်အဆုံး သရသံတူအောင်ဖွဲ့ရတာဟာ ကဗျာဖွဲ့ရာမှာ မလွဲမသွေလိုက်နာရတဲ့ စနစ်ပါဆရာ”

 

“ဟုတ်ပြီ။ ဒီလိုဆိုရင်အခုပြတဲ့ သာဓကနှစ်ခုမှာ အတ်ကာရန်နဲ့ အွတ်ကာရန်ကို ရောပြီးဖွဲ့တာ၊ အန်ကာရန်နဲ့ အွန်ကာရန်ကိုရောပြီးဖွဲ့တာ အဲဒီအဖွဲ့တွေကို ဘယ်လိုသဘောထားမလဲ"

 

"ဆရာပြောသလို ဒီကာရန်တွေက အသံမတူပေမဲ့ အသတ်တူနေတာဆိုတော့ အမြင်ကာရန် လို့ပဲပြောရမယ် ထင်ပါတယ်ဆရာ”

 

“ကဲ..ဒါဆိုရင် တစ်ပိုဒ်နဲ့တစ်ပိုဒ်အဆုံးသရ သံတူအောင်ဖွဲ့ရမယ်ဆိုတဲ့ မလွဲမသွေလိုက်နာရတဲ့ စနစ်နဲ့ သွေဖည်မနေ ဘူးလားကွယ်”

 

“အဲဒီလိုဆိုတော့ သွေဖည်နေတယ်လို့ ပြောရ မှာပေါ့ဆရာ"

 

“စဉ်းစားကြည့်စမ်းပါ။ ရှင်မဟာရဋ္ဌသာရတို့၊ နတ်ရှင်နောင်တို့ဟာ ကဗျာစာဆိုအကျော်အမော် ကြီးတွေနော်။ မင်းတို့ ဒီစာဆိုကြီးတွေရဲ့ စာတွေ သင်ခဲ့ပြီးသားမို့သိမှာပါ။ ကာရန်လည်း အင်မတန် နိုင်နင်းတဲ့ စာဆိုတွေလေ။ အဲဒီလိုစာဆိုကြီးတွေက ကာရန်ယူရင်အဆုံးသရသံတူရမယ်ဆိုတဲ့ စည်းကမ်းကို မလိုက်နာဘဲရေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားကွယ်။ ဒီစာဆိုကြီးတွေ ကာရန် ယူတာအသံမတူလို့ ကာရန်ချော်နေတယ်လို့ ပြောရင် ဒီစာဆိုကြီးတွေကို စော်ကားရာကျနေမှာပေါ့”

 

“ဒီလိုဆိုရင် ခုလိုအသံမတူဘဲ ဘာကြောင့် ကာရန်ယူရတာပါလဲဆရာ”

 

“အေး...အဲဒီပြဿနာကို အခုပြောနေတာလေ။ ကဗျာမှာကာရန်ယူရင် အဆုံးသရသံတူဖို့ လိုအပ်တာမို့ အသတ်မတူတဲ့ စာလုံးတွေကိုတောင်အသံတူရင် ကာရန်ယူပြီးဖွဲ့တယ်ကွဲ”

 

“ဟင် ဟုတ်လားဆရာ။ ဘယ်လိုအဖွဲ့မျိုးပါလဲ။

 

“ နမူနာပြမယ်။ အင်းဝခေတ်က ရှင်ထွေးညို ရေးတဲ့ ပြည်စုန်မော်ကွန်းမှာ ‘ကနကဒဏ်၊ ဗီတာန် ပစ္စု၊ ဖြန့်တော်မူလျက်’ ဆိုတဲ့ အဖွဲ့ကို ဆရာ ရေးပြမယ်။ (ရေးပြလိုက်သည်။) အဲဒီမှာ ကာရန် ယူတဲ့စာလုံးတွေထုတ်ပြစမ်းပါ”

 

“ဟုတ်ကဲ့ ‘ဒဏ်နဲ့တာန်’ ပါဆရာ”

 

“တွေ့တယ်မဟုတ်လား။ ဒဏ်က ဏသတ်၊ တာန်က နသတ်၊ အသတ်မတူပေမယ့် ဘန်ဆိုတဲ့ အသံချင်းတူလို့ ကာရန်ယူထားတာလေ”

 

“ဟုတ်ကဲ့ပါ”

 

“တွင်းသင်းမင်းကြီးရဲ့ ဝိဓူရပျို့မှာကာရန် ယူထားတာပြမယ် “သုံးတန်ပြသာဒ်၊ ဆောင်လုံးညွတ်မျှ၊ ကရကတ်အာနီ’ တဲ့။ (ရေးပြလိုက်သည်။) ကာရန်တွေကိုထုတ်ပြပါ"

 

" ‘သာဒ်-ညွတ်-ကတ်’ ပါဆရာ။ ဒသတ်နဲ့ တသတ်ကာရန်ယူထားတယ်နော်”

 

“ဟုတ်တယ်။ နောက်တစ်ခု၊ မန်လည်ဆရာတော်ရဲ့ မဃဒေဝလင်္ကာသတ်မှာ ‘အနက်ကိလိဋ္ဌိ၊ မြေကြီးပိတ်သို့၊ ပဋိစ္ဆန္ဒ’ တဲ့။ ကာရန်ကိုဆရာပဲ ပြောပါ့မယ်။ သတ်-တသတ်-စသတ်ဆိုတော့ အသတ်တွေတစ်ခုမှမတူဘူး။ ဒါပေမယ့် အသံ တွေက လိဋ္ဌိ-ပိတ်-ဋိစ် ဆိုတော့ အိတ်ကာရန်တွေ ချည်းပဲ၊ တွေ့တယ်မဟုတ်လား”

 

“တွေ့ ပါတယ်ဆရာ”

 

“ဒီတော့ ကာရန်ရဲ့ ပဓာနအချက်က အဆုံး သရသံတူဖို့ပဲ။ အသတ်မတူရင် ကိစ္စမရှိဘူး။ အသံကတော့ မတူလို့မဖြစ်ဘူး။ ကဗျာရေးပြီဆိုတာနဲ့ ကာရန်ယူရင် အဆုံးသရသံတွေ တူကိုတူရမှာလေ"

 

"ဒီလိုဆိုရင် ဆရာပြခဲ့တဲ့ ရှင်မဟာရဋ္ဌသာရနဲ့နတ်ရှင်နောင်ရဲ့ ကဗျာတွေက ဘာဖြစ်လို့အသံ မတူတာပါလဲဆရာ”

 

“အေး မင်းတို့က အသံမတူဘူးဆိုတဲ့အမြင်နဲ့ပဲ ကြည့်နေတာကိုး။ ဒီစာဆိုကြီးတွေက ကာရန်ယူရင် အသံတူအောင်ရေးမှာပဲ ဆိုတဲ့အမြင်နဲ့ ကြည့်ကြည့်ပါလား”

 

“ရှင်”

 

“ကာရန်ယူရင်အဆုံးသရသံဟာ မလွဲမသွေ တူရမယ်ဆိုတဲ့အချက်က အခိုင်အမာကြည့်ပြီး ပြောရင် ဒီစာဆိုကြီးတွေ အသံတူအောင်ရေးကို ရေးမှာပဲလို့ ယူရမှာပဲလေ”

 

“ဒါဆိုရင် အဲဒီကဗျာတွေစဖွဲ့တုန်းက အဲဒီအဆုံးသံတွေတူမှာပဲပေါ့နော်ဆရာ"

 

“ဟုတ်ပြီ နီးစပ်လာပြီ ဒါဖြင့်အခုဘာဖြစ်လို့ မတူတာလဲ၊ စဉ်းစားကြည့်စမ်းပါ”

 

“ဘာဖြစ်လို့ အခုမတူတာလဲဆိုတော့၊ ဟာ... ကျွန်တော်စဉ်းစားမိပြီး အဲဒီအသံတွေပြောင်းလာလို့ မတူတာဖြစ်မယ် ထင်တယ်ဆရာ”

 

“တော်တယ်ဟေ့။ အဖြေက ဒါပဲပေါ့ကွာ။ ပြန်ကောက်ရရင် ရှင်မဟာရဋ္ဌသာရရဲ့ ‘ရဟန်း ကျင့်ဝတ်၊ တစ်ပါးတတ်က၊ လူနတ်ဦးခိုက်’ ဆိုတဲ့ အဖွဲ့မှာ ‘ဝတ်-တတ်-နတ်’ ဆိုတဲ့ အသံသုံးသံဟာ မူလကအတူတူပဲလေ။ ဒါကြောင့် ကာရန်ယူတာပေါ့။ ဒီလိုဆိုရင် ‘ဝတ်’ က အခုခေတ်ဆိုသလို ‘အွတ်’ ကာရန်မဟုတ်ဘဲ အတ်ကာရန်ဖြစ်မှာပေါ့။ အခုခေတ်မှာ ‘ကီလိုဝပ်’ ဆိုတဲ့အသံမှာပါတဲ့ ‘ဝပ်’ သံပေါ့။ နောက်မှ ‘အတ်’ ကာရန်ကနေ ‘အွတ်’ ကာရန်ကိုပြောင်းလာတာပေါ့”

 

“ဟုတ်ကဲ့ပါ”

 

“နတ်ရှင်နောင်ရဲ့ ‘ဆင့်ချခွေသွန်၊ ရက်မချန် တည့်၊ ယုဂန်အလုံး’ ဆိုတဲ့ အဖွဲ့မှာ ‘သွန်-ချန်-ဂန်’ ဆိုတဲ့ အသံသုံးသံလည်း ဟိုတုန်းကတူတာပေါ့။ ဒါကြောင့် ကာရန်ယူတာလေ။ သွန်ကို ‘အွန်’ ကာရန်နဲ့မထွက်ဘဲ သွမ် (သ်နဝမ်) လ အန်ကာရန်နဲ့ ထွက်မှာပေါ့”

 

“ဟုတ်ကဲ့ပါ"

 

“ဒီအယူအဆကို ထောက်ခံတဲ့သာဓက ကတော့ ရခိုင်၊ ထားဝယ်၊ ယော စတဲ့ မြန်မာ ဒေသိယစကားတွေမှာ အဲဒီအသံ တွေကို အခုအထိ အဲဒီလိုအသံထွက်နေတယ်ဆိုတဲ့အချက်ပဲ။ ရခိုင် စကားမှာ ‘လတ်’ နဲ့ ‘မွတ်’ဟာ အဆုံးသံတူတယ်။ ‘မွတ်’ ကို ‘မ်ဝပ်’ လို့ထွက်တယ်။ ‘ထွတ်’ ကို ‘ထဝပ်’ လို့ထွက်တယ်။ ‘လွန်’ နဲ့ ‘ဟန်’ လည်း အဆုံးသံတူ တယ် ‘လွန်’ ကို ‘လ်ဝမ်’ လို့ထွက်တယ်။ အနီးစပ်ဆုံးပြောပြတာလေ။ ယောဒေသမှာလည်း ခွတ်ကို ခွပ်(ခ်ဝပ်)၊ ပွတ်ကို ပွပ်(ပ်ဝပ်)လို့ ‘အတ်’ သံနဲ့ထွက်တယ်။ ‘လွန်၊ ထွန်၊ ကျွန်’ ကို ‘လွမ်၊ ထွမ်၊ ကျွမ်’ လို့ ထွက်တယ်။ ဒေသခံတွေက အဲဒီအသံထွက်တွေကို ရွက်ဆိုပြကြတယ်။ သဒ္ဒဗေဒပညာရှင်တွေလဲ ရေးပြကြတယ်။ ဒီတော့ ချုပ်ရရင် အခုအသံပြောင်းနေတဲ့ အသံတချို့ကို မူလကဘယ်လို အသံထွက်ခဲ့တယ်ဆိုတာ ကဗျာမှာကာရန်ယူ ပုံတွေကို အထောက်အထားပြုပြီး ပြောနိုင်တာပေါ့ကွယ်"