ကလော ၄ ဇွန်
မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ပွဲကို ကလောမြို့နယ်၊ လက်ပံပင်(SMU) ခန်းမ၌ ဇွန် ၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန် (ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနဲ့ ကလောမြို့နယ်မှာ လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်း ကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် စတုတ္ထနှစ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာတွင် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းရဲ့ စိတ်ဓါတ်ဖြစ်သည့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းနိုင်ခြင်း၊ ကွန်ကရစ်တံတားများ ခင်းနိုင်ခြင်း၊ စုဝေးခန်းမဆောင်လုပ်ပြီးစီးခြင်း၊ ဆွမ်းစား ၏ကျောင်းဆောင် ဆောက်လုပ်ပြီးစီးခြင်း၊ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းဆောက်လုပ်ပြီးစီးခြင်း၊ ရေသန့်စက်များ ထူထောင်ခြင်း၊ ရေလွှဲပြွန်များ ကောင်းမွန်လာခြင်းစသည့် တိုးတက်မှုများကို တွေ့ရပါကြောင်း၊ မြန်မာဆယ်မာအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာခေါင်းဆောင်များ ရွေးချယ်ခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ကျေးရွာသူကျေးရွာသားများမှ စုပေါင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြပြီး စီမံကိန်းတစ်နှစ်ပြီးပါက စီမံကိန်းမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းတာဝန်ယူဆောင်ရွက်သူများမှ လုပ်ငန်းဆောင်ရွက်မှုများကို အကဲဖြတ်အမှတ်ပေး၍ (A/B/C)အဆင့်သတ်မှတ်ပြီး ယခုနှစ် တတိယနှစ်အတွက်ဆုအဖြစ် A အဆင့် ဒေါ်လာ (၁၅၀ဝ၀)၊ B အဆင့် ဒေါ်လာ (၁၀ဝ၀ဝ)နှင့် C အဆင့် ဒေါ်လာ (၅၀ဝ၀) ချီးမြှင့်သွားမည်ကို သိရပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် A အဆင့် ကျေးရွာ(၄)ရွာ၊ B အဆင့် ကျေးရွာ (၄)ရွာ၊ ၂၀၁၇ ခုနှစ်တွင် A အဆင့် ကျေးရွာ (၂)ရွာ၊ B အဆင့် ကျေးရွာ (၆)ရွာနှင့် ၂၀၁၈ ခုနှစ် တတိယနှစ်တွင် A အဆင့် ကျေးရွာ (၂)ရွာ၊ B အဆင့် ကျေးရွာ (၆)ရွာနှင့် C အဆင့် ကျေးရွာ (၂)ရွာ ရရှိခဲ့သည့်အတွက် ယခုထပ်ဆောင်းဆုကြေးငွေကျပ် သိန်း(၁၅၀ဝ)ကျော်ကို သက်ဆိုင်ရာအဆင့်လိုက် ဂုဏ်ပြုပေးအပ်သွားမှာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် စတုတ္ထနှစ်တွင်လည်း ကျေးရွာအားလုံးသည် A အဆင့်ရရှိအောင် ဆောင်ရွက်ခဲ့သည့် ကျေးရွာများကို အတုယူအားကျပြီး အရှိန်အဟုန်နှင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသား အားလုံးပူးပေါင်းပြီး စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ(SMU)စီမံကိန်း ဒါရိုက်တာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ စံပြကျေးရွာများ၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်အတွင်း စီမံကိန်းကျေးရွာများတွင် ဆောင်ရွက်ထားမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ထူးချွန်သည့် ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုတို့မှ ထပ်ဆောင်းဆုကြေးငွေများ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူပြီး ကျေးရွာငွေတိုက်စနစ် (SMG) ထူထောင်ရန် ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ မြန်မာဆယ်မားအူလ်ရဂွန်ဂို ကျေးရွာငွေတိုက်အတွက် မီးခံသေတ္တာကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ ကျေးရွာခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


