မြန်မာ့ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)က ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား မွေးဖွားနိုင်ခဲ့ပြီ

၁၅ ဇွန်

 

ဇွန်လ ၁၂ ရက် (အင်္ဂါနေ့) နံနက်ပိုင်းသည် မြန်မာ့ဆေးပညာလောကအတွက် သမိုင်း မှတ်တိုင်တစ်ခု စိ်ုက်ထူနိုင်ခဲ့သည့်နေ့ရက်တစ်ရက်ဟု ဆိုရပေမည်။အကြောင်းမူကား ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ၌ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား သားဦးရတနာလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့၍ဖြစ်သည်။

 

အဆိုပါ မြန်မာ့ဆေးပညာလောက၏ အောင်မြင်မှုနှင့်စပ်လျဉ်း၍ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခဌာနမှူးအပါအဝင် သက်ဆိုင်ရာမိဘများကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့မှုများအား ဖော်ပြအပ်ပါသည်။

 

ပါမောက္ခ ဒေါ်ခင်ပြုံးကြည်

ဆေးရုံအုပ်ကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)

 

 

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)ရဲ့ Fertility Centre မှာ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား သားဦးရတနာလေးကို ခွဲစိတ်မွေးဖွားပေးနိုင်တဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဖန်ပြွန်သန္ဓေသားကို စထည့်လိုက်ပြီးကတည်း က မိခင်ရောကလေးပါ ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဖန်ပြွန်သန္ဓေသားကို ခွဲစိတ်မွေးဖွားနိုင်တဲ့အတွက် ကျွန်မတို့ဆေးရုံအနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ မှတ်တိုင်တစ်ခုပါပဲ။ ကျွန်မတို့ ဆေးရုံရဲ့မှတ်တိုင်တစ်ခုဖြစ်သလို လမ်းညွှန်ပံ့ပိုးပေးတဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ဌာနကြီးတစ်ခုလုံးရဲ့ အောင်မြင်မှုမှတ်တိုင်လည်းဖြစ်ပါတယ်။

 

နောက်ထပ်လည်း သားသမီးလိုချင်ကြတဲ့ မောင်မယ်တွေကို ဒီ Fertility Centre က ဆက်လက်ကုသပေးဖို့လိုအပ်ပါတယ်။ ဒါက အခြေခံကျန်းမာရေးစောင့်ရှောက်မှု မဟုတ်ဘူး၊ အထူးကုသမှုထဲမှာပါတဲ့အတွက် ပထမအဆင့် ဆေးရုံကြီးအနေနဲ့ ဒီလို ကုသရတဲ့အခါမှာ သုံးစွဲရတဲ့ ဆေးဝါးပစ္စည်းတွေ၊ ထိုးဆေးတွေရှိမယ်။ ဒီဟာအတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ သားသမီးလိုချင်ကြတဲ့ မောင်မယ်တွေက စိုက်ထုတ်သုံးစွဲရတာ ရှိပါတယ်။ တကယ်လို့များ တစ်ချိန်ချိန်မှာ တကယ့်ကိုကလေးလည်းလိုချင်တယ်၊ သူတို့ အနေနဲ့ ဆေးဝါးကုန်ကျမှုလည်း မတတ်နိုင်ဘူးဆိုရင်၊ ရန်ပုံငွေလည်း တောင့်တင်းခဲ့ မယ်ဆိုရင် ကူညီဖို့အတွက် နည်းလမ်းလေးရှာနေပါတယ်။ ဆေးဝါးကအစ လှူဒါန်းမယ့်သူရှိရင်လည်း လှူဒါန်းလို့ရပါတယ်။ နောက်ပိုင်းကျရင် တစ်ချိန်ချိန်မှာ ဒီလိုမျိုး ကူညီပေးဖို့အတွက် စိုက်ထုတ်လုပ်ပေးနိုင်မယ့်အခြေအနေကိုရောက်မယ်လို့ မျှော်လင့် ပါတယ်။

 

Fertility Centre တွေကို အခုဆေးရုံကြီးအပြင် အလားတူ အခြားဗဟို ဆေးရုံကြီး တွေမှာ Centre တွေလုပ်နိုင်မယ်ဆိုရင် အနယ်နယ်အရပ်ရပ်က သားသမီးလိုချင်တဲ့ သူတွေ ၊ ရန်ကုန်ကိုမလာနိုင်တဲ့သူတွေအတွက်လည်း လက်လှမ်းမီသွားမှာဖြစ်ပါ တယ်။ ဒါကတော့ ကြိုးစားနေတော့ တစ်ချိန်ချိန်မှာ ဖြစ်မယ်လို့ထင်ပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ သားသမီးမရသေးတဲ့ မောင်မယ်တွေရဲ့ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်ပါတယ်။ သူတို့အနေနဲ့ကလည်း ကြိုးစားရမယ်၊ ကြိုးစားမှလည်း အောင်မြင်မှုရမယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေက အကြံပေးတဲ့ အတိုင်း လိုက်နာ မယ်ဆိုရင် သားသမီးရဖို့ လမ်းစတွေ အများကြီးရလာမယ်လို့ ပြောချင်ပါတယ်။

 

ပါမောက္ခ ဒေါ်စမ်းစမ်းမြင့်

ပါမောက္ခဌာနမှူး ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)

 

 

ကျွန်မတို့ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှာ Fertility Centre ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တယ်။ သားသမီးရရန်ခက်ခဲတဲ့ မောင်မယ် တွေကို ရောဂါရာဇဝင်မေးမြန်းတယ်၊ ရှာဖွေတယ်။ အမျိုးသမီးမှာရော၊ အမျိုးသား မှာရော သားသမီးရဖို့ ဘာလို့ခက်ခဲနေလဲ။ စမ်းသပ်စစ်ဆေးတယ်၊ ဓာတ်ခွဲ စစ်ဆေးမှု တွေပြုလုပ်တယ်။ လိုအပ်တဲ့အချက်အလက်တွေ၊ ဖြစ်နေတဲ့ အကြောင်းအရင်းတွေ စစ်ဆေးကုသပေးတယ်။ သဘာဝနည်းနဲ့ပဲကလေးရသွားတဲ့ မောင်မယ်တွေ လည်းရှိ တယ်။ တချို့က မျိုးဥကြွေဆေးတိုက်ပြီးတော့အောင်မြင်သွားတဲ့ မောင်မယ် တွေလည်း ရှိပါတယ်။ အမျိုးသမီးရဲ့ သားအိမ်အတွင်း အမျိုးသားရဲ့ မျိုးရည်သန့်စင်ပြီး ထည့်သွင်း ခြင်းအဲဒါကို IUI နည်းလို့ခေါ်တယ်။ IUI နည်းနဲ့ အောင်မြင်သွားတဲ့ မောင်မယ် တွေလည်းရှိတယ်။

 

IVF က ဖန်ပြွန်သန္ဓေသား၊ အဲဒီဖန်ပြွန်သန္ဓေသားနည်းကို ၂၀၁၇ စက်တင်ဘာလနဲ့ ၂၀၁၈ ဇန်နဝါရီလမှာ နှစ်ကြိမ်၊ သားသမီးရဖို့ ခက်ခဲတဲ့မောင်မယ် ပေါင်း ၁၆ တွဲ၊ အဲဒီထဲမှာမဇင်မာလင်း က ဖန်ပြွန်သန္ဓေသား IVF က အောင်မြင်ပြီး ကိုယ်ဝန်ရ သွားပါ တယ်။ ၂၀၁၈ ဇွန်လ ၁၂ ရက်နေ့မှာ ၇ ပေါင်နဲ့ ၅ အောင်စသား ယောကျာ်း လေးကို အောင်မြင်စွာခွဲစိတ်မွေးဖွားခဲ့ ပါတယ်။ ခွဲစိတ်တာက တော့ IVF ကြောင့်မဟုတ်ပါဘူး။ ကလေးရဲ့အချင်းက ရှေ့ကိုရောက်နေတဲ့အတွက် ခွဲစိတ်မွေးဖွားလိုက်ရတာပါ။ ကျွန်မကိုယ်တိုင်ပဲ မွေးဖွားပေးခဲ့ပါတယ်။ ဒီလိုအောင်မြင်မှု ရတာကတော့ ဌာနရဲ့ ဦးဆောင်မှု၊ ပံ့ပိုးမှုတွေနဲ့ စုပေါင်းပြီး အဖွဲ့လိုက်ကြိုးစားမှုကြောင့် အောင်မြင်တာ ဖြစ်ပါတယ်။ လူနာရဲ့ ကိုယ်ဝန်စောင့်ရှောက်မှုက ပုံမှန်အတိုင်း ဖြစ်ပါ တယ်။ နေပုံ၊ စားပုံ ၊သောက်ပုံ သင်ပြပေးရတယ်။ ကိုယ်ဝန်မှန်မှန်ပြဖို့၊ မိခင်ရော ကလေးရော စောင့်ရှောက်မှုပေးရတယ်။ IVF မို့လို့ ပိုမိုထူးခြားပြီးစောင့်ရှောက် ပေးရတာမရှိပါဘူး။

 

IVF ဖန်ပြွန်သန္ဓေသားကို မိခင်ရဲ့သားအိမ်ထဲထည့်ပြီးရင် ကိုယ်ဝန်ကို စနစ် တကျစောင့်ရှောက်မှုပေးနိုင်ပြီးစနစ်တကျမွေးဖွားပေးနိုင်တဲ့၊ ၂၄ နာရီခွဲစိတ်မှုပေး နိုင်တဲ့ ဆေးရုံ၊ မိခင်ရောကလေးပါ စနစ်တကျစောင့်ရှောက်မှုပေးနိုင်တဲ့၊ ပစ္စည်းကရိယာ စုံလင်တဲ့ ဆေးရုံတိုင်းမှာမွေးနိုင်ပါတယ်။ ကျွန်မတို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ Fertility Centre မဖွင့််ခင် ကတည်းကသားသမီးရဖို့ခက်ခဲတဲ့ မောင်မယ်တွေကိုကူညီ ဆောင်ရွက် ပေးနေတဲ့ Fertility Clinicဆိုတာ ပြင်ပလူနာဌာနမှာရှိပါတယ်။ အဲဒီတုန်းက IVF တော့ မလုပ်နိုင်ခဲ့ဘူး။ ဒီစင်တာ ဖြစ်မြောက်လာဖို့အတွက် အများကြီးကြိုးစားခဲ့ရတယ်။ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှု ပံ့ပိုးမှုနဲ့ ဒီစင်တာကြီး ရအောင် ဆောင်ရွက်ပေးမှုကြောင့် Fertility Centre ပေါ်ပေါက် လာခြင်းဖြစ်ပါတယ်။ အခုလိုသားသမီးရရန်ခက်ခဲတဲ့ မောင်မယ်တွေကိုပိုမိုပြီးတော့ ထိရောက်တဲ့ ကုသမှုတွေပေးနိုင်ဖို့ IVF အဆင့်အထိပေးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ အချိန်ယူပြီးဆောင်ရွက်ခဲ့ရတာပါ။

 

နည်းပညာပိုင်းအနေနဲ့ကတော့ OG တစ်ယောက် တတ်သင့်တဲ့ပညာတွေရော၊ သင်ကြားခဲ့တဲ့ ပညာတွေ၊ Royal College ရဲ့ Guidelines တွေ၊ ပြည်ပနိုင်ငံ (Hinan University, China, India, Singapore) တွေမှာ ရက်တို ရက်ရှည် လေ့လာရေး သင်တန်းများစေလွှတ်ပြီး နိုင်ငံတကာအတွေ့အကြုံရယူခဲ့ပါတယ်။ ဖန်ပြွန် သန္ဓေသား ရဖို့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားတွေ အခက်အခဲရှိရင် နိုင်ငံခြားသွားသွားနေရတာ မဖြစ် စေချင်ဘူး။ ကိုယ့်နိုင်ငံမှာပဲစရိတ် နည်းနည်းနဲ့ ဖြစ်စေချင်ပါတယ်။ ဒီစင်တာမှာ သုံးတဲ့ ဆေးတွေက ဈေးကြီးပါတယ်။ အဲဒီဆေးတွေကို နိုင်ငံခြားက တိုက်ရိုက်မှာ ယူရပါတယ်။ အဲဒီဆေးတွေသွင်းဖို့အတွက် FDA ထောက်ခံချက်ရယူရပါတယ်။ တိုက်ရိုက်မှာတဲ့ အတွက် ဒေါ်လာတွေနဲ့ မှာယူရပါတယ်။ အလွန် ဈေးကြီးပါတယ်။ စမ်းသပ်ရတဲ့ Test တွေကလည်း ဈေးကြီးပါတယ်။ ဟိုမုန်းတွေကို အဆင့်ဆင့် စမ်းသပ်ရတဲ့အတွက် ကုန်ကျရတာဖြစ်ပါတယ်။ ရလာတဲ့ မျိုးဥနဲ့ သုက်ပိုးတွေကိုလည်းစောင့်ရှောက် ထားရပါ တယ်။ အဲဒီအတွက် ထိန်းသိမ်းစရိတ် တွေကြောင့် ကုန်ကျရတာဖြစ်ပါတယ်။

 

ဆရာဝန် ၊ ဆရာမနဲ့ အခြားဝန်ဆောင်မှုတွေက အခမဲ့ဖြစ်ပါတယ်။ ခုနဆေးဖိုး တွေနဲ့ Test ဖိုးတွေပေါင်းရင် 1-IVF ရဖို့ဆိုရင် ကျပ်သိန်း ၅၀ နဲ့ သိန်း ၆၀ ကြားမှာ ရှိပါတယ်။ သိန်း ၅၀ နဲ့ သိန်း ၆၀ ဆိုတာဒေါ်လာအတက်အကျ ပေါ်မူတည်ပါတယ်။ အဲဒီဆေးဖိုးတွေကတစ်ခါထဲပေးရတာမဟုတ် ပါဘူး။ အဆင့်ဆင့် ပေးရတာပါ။ IVF လုပ်တိုင်းလည်း တန်းပြီးအောင်မြင်တာ မဟုတ်ပါဘူး။ လုပ်ခဲ့တဲ့ အဆင့်ထိတော့ ကုန်ကျစရိတ်ကိုပေးရပါတယ်။ မအောင်မြင်ရင် နောက်ပိုင်းအဆင့် တွေအတွက် ကြိုသွင်းထားတဲ့ငွေကို ပြန်အမ်းပေးပါတယ်။ နိုင်ငံခြားနဲ့ယှဉ်ရင်တော့ ဒီကုန်ကျစရိတ်က နည်းပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့ အရေးကြီးတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ အဓိကထားပြီးတော့ ထောက်ပံ့နေရပါတယ်။ ခုလောလော ဆယ်တော့ Fertility Treatment နဲ့ပတ်သက်ပြီးမောင်မယ်တွေကပဲ အကုန်အကျခံရပါတယ်။ အခု မဇင်မာ လင်းနဲ့ပတ်သက်ပြီး အောင်မြင်သွားတယ်။ နောက်ပိုင်းမှာလည်း အောင်မြင်မှု ကိုဆက်လက်ပြီး ပိုမိုတိုးတက်အောင်မြင်စေချင်တယ်။ IUI နဲ့ သားသမီး ရသွားတဲ့ မောင်မယ်တွေရှိသလိုမရတဲ့သူတွေအတွက်လိုအပ်ရင် IVF နဲ့ သားသမီး ရအောင် ကူညီဆောင်ရွက် ပေးသွားမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အခြားသင်ကြားရေး ဆေးရုံမှာ လည်းFertility Centre များပေါ်ပေါက်စေချင်ပါတယ်။

 

သားသမီးရဖို့ခက်ခဲတဲ့မောင်မယ်တွေကို ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) Fertility Centre ရဲ့ ပြင်ပလူနာဌာနမှာလာရောက် အခမဲ့စမ်းသပ်စစ်ဆေး ပြသ ဆွေးနွေးနိုင်ပါတယ်၊ လိုအပ်တဲ့ကုသမှုတွေကိုလည်းပေးနေပါတယ်လို့ပြောချင်ပါတယ်။ ၂၀၁၆ မှ ၂၀၁၈ မေလအထိ ၂ နှစ်အတွင်း Fertility Centre မှာသားသမီးရဖို့ ခက်ခဲတဲ့ မောင်မယ်အတွဲ ၃၁၀ဝ ကိုကုသပေးလျက်ရှိပြီး IUI လူနာ ၈၈၆ ယောက်အနက် သန္ဓေအောင်သူ ၃၆ ယောက်ရှိပါတယ်။ IVF (ဖန်ပြွန်သန္ဓေသားထည့်ခြင်း) လုပ်ငန်းကိုမောင်မယ်အတွဲ ၁၆ တွဲကိုကုသပေးရာမဇင်မာလင်း (၃၈)နှစ်က ကိုယ်ဝန်ရရှိခဲ့ပြီးသားယောကျာ်းလေးကိုမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။

 

ကိုဘိုထွန်း (ဖန်ပြွန်သန္ဓေသား၏ ဖခင်)

 

 

မကွေးတိုင်း မကွေးမြို့ကပါ။ အိမ်ထောင်ကျပြီး ကလေးရဖို့အဆင်မပြေဘူး။ ကလေးရဖို့ အတွက် စုံစမ်းတယ်၊ ဘန်ကောက်အထိသွားပြီး ဖန်ပြွန်သန္ဓေလုပ်ဖို့ ကြိုးစားတယ်။ နောက်ပိုင်း ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှာ ပထမဆုံးအကြိမ် ဖန်ပြွန်သန္ဓေ လုပ်ဖို့ လာရောက်ဆွေးနွေးပြီး Fertility Centre က ဆရာဝန်ကြီး ဒေါက်တာ ဒေါ်စမ်းစမ်းမြင့်နဲ့ တိုင်ပင်ပြီး လုပ်ဖြစ်သွားတာပါ။ ဘန်ကောက်ကို သွားလုပ်ဖို့ စုံစမ်းတော့ သိန်း ၂၀ဝ ကျော်လောက်ကျမယ်။ သွားစရိတ် လာစရိတ်နဲ့ဆိုရင် ၃၀ဝ ကျော်မယ်။ သွားဖို့လုပ်ပြီး ဒီမှာစုံစမ်းတော့ ၅၈ သိန်းပဲ သွင်းရတယ်။ အဲဒါ အပြီးပဲ၊ တစ်ခါထဲသွင်းရတာမဟုတ်ဘူး၊ တစ်ရစ်ချင်းခွဲပြီးပေးရတာ။ ဖန်ပြွန်သန္ဓေသား ထည့်ပြီး တဲ့အထိ ၅၈ သိန်းပဲ ကုန်ကျပါတယ်။ ဖန်ပြွန်သန္ဓေသားထည့်ပြီးတဲ့အချိန်က စပြီး ရန်ကုန်မှာပဲ နေပါတယ်။ ကျွန်တော်တို့လိုပဲ သားသမီးရချင်တဲ့သူတွေ ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်) Fertility Centre မှာ လာရောက်ဆွေးနွေးပြီး ဆရာမကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်စေချင်ပါတယ်။

 

ဒေါ်ဇင်မာလင်း (ဖန်ပြွန်သန္ဓေသား၏ မိခင်)

 

 

အခု ဇွန်လ ၁၂ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီ ၁၉ မိနစ်မှာ ၇ ပေါင်နဲ့ ၅ အောင်စရှိတဲ့ သားလေးကို ကျန်းမာစွာ ခွဲစိတ်မွေးဖွားခဲ့ပါတယ်။ သားသမီးလိုချင်တဲ့ အချိန်မှာ အခုလို ကျန်းကျန်းမာမာနဲ့ သားလေးကို မွေးဖွားခဲ့တဲ့အတွက် အတိုင်းမသိ ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလိုမွေးဖွားပေးခဲ့ဆရာဝန် ၊ ဆရာမ တွေ အားလုံးကို အထူး ကျေးဇူးတင်မိပါတယ်။

တွေ့ဆုံမေးမြန်း - ရီရီမြင့်

ဓာတ်ပုံ - လှမိုး